ရန်ကုန်၊ ဇွန် ၁၇
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာရှိ စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သားအဖ လုပ်ဆောင်နေသော ရတနာပုံမြို့သစ်စီမံကိန်း စည်ပင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်-မန္တလေး-ပြင်ဦးလွင် ပြည်ထောင်စုလမ်းတိုးချဲ့ရေး စီမံကိန်းကို လုပ် ဆောင်နေပြီး လမ်းမကြီးနှင့် မလွတ်ကင်းသည့် ကျေးရွာ၊ ရပ်ကွက်နှင့် လူနေအိမ်များအား လုံးကို စစ်ကောင်စီက ဖျက်သိမ်းခိုင်းနေကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
ရတနာပုံမြို့သစ်စီမံကိန်းအတွက် လတ်တလောတွင် သုံးတောင်ကျေးရွာ အပါအဝင် ကျေးရွာ များကို လာမည့် ဇွန်လ ၂၀ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းခိုင်းနေသည့်အပြင်၊ အနီးစခန်းလေဆိပ်အသစ် တည်ဆောက်ရေးစီမံကိန်းအတွက်လည်း အနီးနားရှိ ကျေးရွာများ၊ နေအိမ်များနှင့် လယ်ယာမြေများကို ဖျက်သိမ်းသိမ်းဆည်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် ပြင်ဦးလွင်-မန္တလေး လမ်းတစ်လျှောက်နှင့် မန္တလေးမှ ရန်ကုန် လမ်းဟောင်းတစ် လျှောက်တွင်လည်း ပြည်ထောင်စုလမ်းတိုးချဲ့ရေး စီမံကိန်းများကို စတင်လုပ်ဆောင်နေပြီး လမ်းနှင့်မလွတ်ကင်းသည့် ကျေးရွာများ၊ နေအိမ်များ၊ ရပ်ကွက်များနှင့် ဆိုင်ခန်းများကို ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် မြို့နယ်အလိုက် စစ်ကောင်စီက အမိန့်များ ထုတ်ပြန်ခဲ့သည်။
ပြင်ဦးလွင်မြို့မှ နေအိမ်နှင့် ဆိုင်ခန်း အဖျက်ခံလိုက်ရသည့် ပြည်သူတစ်ဦးက “သုံးတောင်ကျေးရွာနဲ့ ရွာတွေတော့ တော်တော်များများ ဖျက်နေရပြီ။ အထူးသဖြင့်တော့ လမ်းဘေးဝဲယာတွေ အကုန်ဖျက်ပေးရတာ။ ဆိုင်ခန်းတွေ နေအိမ်တွေအများကြီးပဲ ဖျက်ရတာ။ ထောင် ချီမယ်။ နေအိမ်တွေရော ဆိုင်ခန်းတွေရော။ ပြင်ဦးလွင်-မန္တလေးလမ်း တိုးချဲ့ဖို့ ဖယ်ခိုင်းတာ။ နောက်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းကိုလည်း လမ်းတိုးချဲ့ရေး စီမံကိန်း လုပ်နေတယ်။ အဲဒါတွေက ရတနာပုံမြို့သစ်ကို တိုက်ရိုက် ပေါက်ဖို့ လုပ်နေတာလို့ အစည်း အဝေးတွေ ခေါ်ယူပြောဆိုတယ်” ဟု မြေပြင်အခြေအနေကို ရှင်းပြသည်။
အလားတူ ရန်ကုန် – ပြည် – မန္တလေး ပြည်ထောင်စုလမ်းမကြီး စီမံကိန်း၏ မန္တလေး – တံတ ားဦး – မြို့သာ – မြင်းခြံ – ပုဂံ လမ်းပိုင်းတွင် တည်ရှိသည့် မန္တလေးတိုင်း၊ တံတားဦးမြို့ရှိ လမ်းဘေးဝဲယာ နေအိမ်များကိုလည်း လာမည့် ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
တံတားဦးမြို့ခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာတွင် “ရန်ကုန် – ပြည် – မန္တလေး လမ်းမကြီးက ပေ ၁၅၀ အကျယ်တဲ့ဗျာ။ တံတားဦးက အိမ်တွေ ၄၉ ပေလောက် လမ်းမကြီးပေါ် ကျူးကျော်နေသတဲ့၊ ၂၀၂၆ ခုနှစ် ဇွန်လ ၂၅ ရက် နောက်ဆုံးထား ဖယ်ပေးရမယ်” ဟု ရေးသားထားသည်။
စစ်ကောင်စီက ၎င်းတို့၏ စီးပွားရေးစီမံကိန်းများနှင့် မြို့သစ်စီမံကိန်းများ လမ်း ပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက် ဟုဆိုကာ လမ်းဘေးဝဲယာရှိ ပြည်သူပိုင် အရပ်ဘက် အိုးအိမ်၊ အဆောက်အအုံနှင့် ဆိုင်ခန်း ထောင်နှင့်ချီကို နစ်နာကြေးတစ်စုံတစ်ရာ ပေးခြင်းမရှိဘဲ အဓမ္မ ဖယ်ရှားခိုင်းနေခြင်းကြောင့် ဒေသခံပြည်သူများ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အခက် အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
အကြမ်းဖက် မင်းအောင်လှိုင် သားအဖ ပြန်လည် စတင်နေသည့် ရတနာပုံမြို့သစ်စီမံကိန်းကို သန်းရွှေခေတ်တွင် ရတနာပုံဆိုက်ဘာစီးတီးအဖြစ် စတင်ခဲ့သော်လည်း မအောင်မြင်ဘဲ ရပ်နားခဲ့ကြောင်း၊ ယင်းနောက် NLD အစိုးရလက်ထက်တွင် New Mandalay Resort City စီမံကိန်းအဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့ကြောင်း၊ သို့ရာတွင် မအောင်မြင်ဘဲ ဆက် လက်ရပ်ဆိုင်းခဲ့ပြီး အကြမ်းဖက် မင်းအောင် လှိုင်က ယင်းစီမံကိန်းကို သန်းရွှေခေတ်အချိန် စီမံကိန်းဒီဇိုင်းဖြင့် ပြန်လည် စတင်ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က စီမံကိန်းကို ပြန်လည်စတင်ချိန် သားဖြစ်သူ အောင်ပြည့်စုံက မြို့သစ်စီမံကိန်းတစ်ခုလုံး၏ ရေ၊မီး၊ လမ်းနှင့် အခြေခံ အဆောက်အအုံများကို တည်ဆောက်ခွင့်နှင့် လုပ်ပိုင်ခွင့်များ ရရှိထားပြီး မြေကွက်အများအပြားလည်း ရယူထားသည်။
ဓာတ်ပုံ- မန္တလေး-ပြင်ဦးလွင်လမ်းတစ်လျှောက် နေအိမ်များနှင့်ဆိုင်ခန်းများ ဖျက်သိမ်းပေးနေရစဉ်






