26.7 C
Yangon

မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်း ကိုအောင်ချစ်မင်းကို စစ်မှု ထမ်းခိုင်းရန် စစ်တပ်က ဖမ်းဆီး မန္တလေးတွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့ရောညပါ အကြီးအကျယ်ဖြစ်နေ

Must read

ရန်ကုန်၊ ဇွန် ၁၈

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၀ ကျော်အရွယ် အရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်း ကိုအောင်ချစ်မင်းကို ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက်ကာ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကိုအောင်ချစ်မင်း၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ နေ့လယ် ၃ နာရီခန့်အချိန် ကိုအောင်ချစ်မင်းကို အိမ်စီးကား နှစ်စီးဖြင့် ရောက်ရှိလာသည့် အဖွဲ့က နေအိမ်အတွင်းမှ ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။

ကိုအောင်ချစ်မင်းသည် ၂၀၁၇ ခုနှစ်ခန့်မှစ၍ သီရိမာလာအရှေ့ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် မီးသတ်တပ်ဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသူဖြစ်သည်။

ထို့နောက် ၂၀၂၅ ခုနှစ်တွင် စစ်မှုထမ်းရန် အမည်စာရင်းတွင် ပါဝင်လာခဲ့ပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိတ်ဆွေများက ရှင်းပြသည်။

လတ်တလော မန္တလေးမြို့ပေါ်ရှိ မြို့နယ်များအားလုံးတွင် နေ့ရောညပါ စစ်မှုထမ်း ပေါ်တာဆွဲ ဖမ်းဆီးမှုများ အလွန်မြင့်တက်နေကြောင်း၊ အထူးသဖြင့် အောင်မြေသာစံမြို့နယ်အတွင်းရှိ ပြည်ကြီးရန်လုံ၊ ပြည်လုံးချမ်းသာ၊ ညောင်ကွဲ၊ သီရိမာလာအရှေ့၊ သီရိမာလာအနောက်၊ မင်းတဲအီကင်း၊ ရွှေလင်းပင်၊ ရွှေပြည်သာ၊ မလဲသာ၊ ပုလဲငွေရောင်နှင့် ပုလင်းဝင်းရပ်ကွက်များတွင် စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်မှုများ ယခင်ထက် ပိုမိုများပြားလာကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရရှိရန်အတွက်ဟုဆိုကာ လူငယ်များ၏ မိသားစုများထံမှ ပျူစောထီး၊ စစ်တပ်၊ရဲနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက ငွေကျပ်သိန်းဆယ်ချီ တောင်းခံမှုများ ရှိနေပြီး လူငယ်များကို ဖမ်းဆီးငွေညှစ်မှုများလည်း အကြီးအကျယ် ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

အလားတူ သီရိမာလာအရှေ့ရပ်ကွက်တွင် ဇွန်လအစောပိုင်း သံဝင်းဘုရားကျောင်းအနီးရှိ ထမင်းကြော်ဆိုင်တစ်ဆိုင်မှ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦးကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထို့အပြင် ဇွန်လလယ်ပိုင်းတွင်လည်း ၂၄ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ နီနီအလှ ပြင်ဆိုင်အနီး နေအိမ်တစ်အိမ်မှ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားတစ်ဦးကို အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အိမ်စီးကားဖြင့် လာရောက်ဖမ်းဆီးသွားခဲ့သည်။

ထို့အတူ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ သန္တာရုံကျောင်းအနီးတွင် နေထိုင်သည့် ချစ်ကိုဆိုသူ လူလတ်ပိုင်းအမျိုးသားတစ်ဦးမှာလည်း စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲတွင် ပါဝင်သွားကြောင်း သန္တာရုံကျောင်းအနီး နေထိုင်သူအချို့က ပြောဆိုကြသည်။

အကြမ်းဖက်စစ်တပ်က ယခု ၂၀၂၆ ခုနှစ်ဇွန်လအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၆ ကို ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article