26.7 C
Yangon

ထိုင်းနိုင်ငံတွင် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များအတွက် အထောက်အထားသက်သေခံကတ်ပြားများ စတင်ထုတ်ပေး

Must read

ရန်ကုန်၊ ဇွန် ၁၈

ထိုင်းနိုင်ငံအစိုးရသည် မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခများကြောင့် ထွက် ပြေးလာပြီး နယ်စပ်ဒေသရှိ ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်လျက်ရှိသည့် စစ်ဘေးရှောင်ဒုက္ခသည်များအတွက် အထောက်အထားသက်သေခံကတ်ပြားများ စတင်ထုတ်ပေးသည့် အစီအစဉ်ကို ယမန်နေ့ ဇွန်လ ၁၇ ရက်နေ့တွင် တရားဝင် စတင်လိုက်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ် စတင်သည့် အခမ်းအနားကို ရတ်ချဘူရီခရိုင်၊ ဆွမ်ဖုန်ခရိုင်ရုံး၌ ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်နယ်အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် နရူချာ ကိုဆာဆစ်ဝီလိုင်းက ဦးဆောင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ ရတ်ချဘူရီခရိုင်ဝန်၊ ဒုတိယခရိုင်ဝန်၊ ပြည်နယ်အုပ်ချုပ်ရေးဌာန တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစိုးရဌာနများမှ ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြသည်။

ထိုင်းအစိုးရအနေဖြင့် ၁၉၈၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နယ်စပ်ဒေသသို့ ထွက်ပြေးလာသူများကို လူသားချင်းစာနာထောက်ထားမှု အခြေခံမူများအရ လက်ခံကာ ယာယီနေထိုင်ခွင့်ပေးထားကြောင်း သိရသည်။

သို့သော် စစ်ဘေးရှောင်ဒုက္ခသည်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် တိကျမှန်ကန်ပြီး ခေတ်မီသော လူဦးရေစာရင်းနှင့် ကိုယ်ရေးအချက်အလက် စိစစ်မှုစနစ်များ လိုအပ်လာသဖြင့် ယခုကဲ့သို့ သက်သေခံကတ်ပြားများ ထုတ်ပေးခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။

ထိုင်းအစိုးရက ၂၀၂၆ ခုနှစ်အတွက် အထူးခွင့်ပြုချက်ဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရရှိထားသည့် နယ်မြေသတ်မှတ်ဒေသများရှိ နိုင်ငံခြားသားများကို မှတ်ပုံတင်ခြင်းနှင့် သက်သေခံကတ်ပြား ထုတ်ပေးခြင်းဆိုင်ရာ စည်းမျဉ်းသစ်များကို ပြဋ္ဌာန်းခဲ့ပြီး ယင်းစည်းမျဉ်းများအရ အချက်အလက် စိစစ်အတည်ပြုပြီးသူများကို ကတ်ပြားထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်သေခံကတ်ပြားများကို အစိုးရဌာနများနှင့် ဆက်သွယ်ဆောင်ရွက်ရာတွင်လည်းကောင်း၊ အစိုးရဝန်ဆောင်မှုများ ရယူရာတွင်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အစိုးရထုတ်ပေးထားသည့် အခြားခွင့်ပြုစာရွက်စာတမ်းများနှင့် တွဲဖက်အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ UNHCR ကိုယ်စားလှယ်က ယခုအစီအစဉ်သည် ဒုက္ခသည်များ၏ ဘဝ၊ ဂုဏ်သိက္ခာနှင့် အနာဂတ်အတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

၎င်းက သက်သေခံကတ်ပြားများသည် ကျန်းမာရေးဝန်ဆောင်မှုများ၊ ဘဏ္ဍာရေးဝန်ဆောင်မှုများ၊ ဆက်သွယ်ရေးကဏ္ဍများ၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် အခြားလူမှုဘဝဆိုင်ရာ အခွင့်အရေးများ ရရှိနိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့ပြင် ယင်းစနစ်သည် လုံခြုံရေးကို တိုးမြှင့်ပေးရုံသာမက ဒုက္ခသည်များ၏ နေ့စဉ်ဘဝတွင် လွတ်လပ်စွာ ဆုံးဖြတ်နိုင်မှု၊ ကိုယ်တိုင်ရပ်တည်နိုင်မှုနှင့် အနာဂတ်အစီအစဉ်များ ချမှတ်နိုင်မှုကိုလည်း အားပေးကူညီပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်း ပြည်နယ်အုပ်ချုပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် နရူချာကမူ သက်သေခံကတ်ပြား ထုတ်ပေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ ဒုက္ခသည်များ၏ အထောက်အထားများကို တိကျစွာ စိစစ်နိုင်ရန်၊ မည်သူဖြစ်ကြောင်း၊ မည်သည့်နေရာတွင် နေထိုင်ကြောင်းနှင့် မည်သည့်အခြေအနေဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင် သို့မဟုတ် အလုပ်လုပ်ကိုင်ခွင့် ရရှိထားကြောင်း အတည်ပြုနိုင်ရန်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းအချက်အလက်များသည် စီမံခန့်ခွဲမှု၊ စောင့်ကြည့်ထိန်းသိမ်းမှု၊ ဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် အမျိုးသားလုံခြုံရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့ပြင် ယခုထုတ်ပေးမည့် သက်သေခံကတ်ပြားသည် လူဦးရေစာရင်းစီမံခန့်ခွဲမှုနှင့် အထောက် အထားစိစစ်ရေးအတွက်သာ ဖြစ်ပြီး ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခြင်း မဟုတ်ကြောင်း၊ ထိုင်းနိုင်ငံသားများ ရရှိသည့် အခွင့်အရေးများကိုလည်း ပေးအပ်ခြင်းမရှိကြောင်း ထိုင်းအစိုးရက အထူးအလေးပေး ပြောကြားထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article