26.7 C
Yangon

ဖားကန့်တွင် ပြည်သူများကို ဓားပြတိုက်နေသည့် စစ်ကောင်စီတပ်သား ၅ ဦးကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိ

Must read

ရန်ကုန်၊ ဇွန် ၁၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ အရပ်သားပြည်သူများနှင့် လုပ်ငန်းရှင်များ၏ နေအိမ်များကို လိုက်လံဓားပြတိုက်နေသည့် စစ်ကောင်စီတပ်သား ၅ ဦးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရရှိထားပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖားကန့်ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

လွန်ခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုအတွင်းရှိ နေရာတစ်ခုတွင် KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က အဆိုပါ စစ်ကောင်စီတပ်သား ၅ ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ကို ဖမ်းဆီးစစ်ဆေးရာတွင် အရပ်သားပြည်သူများနှင့် လုပ်ငန်းရှင်များ၏ နေအိမ်များအတွင်း ဝင်ရောက်ကာ ရည်ရွယ်ချက်ရှိရှိ ဓားပြတိုက်မှုများ ကျူးလွန်နေသူများဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဒေသသတင်းရင်းမြစ်၏ ပြောပြချက်အရ ဖမ်းဆီးရမိထားသူများအနက် လူမှုကွန်ရက်ပေါ်တွင် ဓာတ်ပုံနှင့်တကွ ထွက်ပေါ်လာသည့် နှစ်ဦးမှာ ပြည်သူ့စစ် (ပစ) အဖွဲ့ဝင်များ ဖြစ် ကြောင်း အတည်ပြုထားသည်။

အဆိုပါ စစ်သား ၅ ဦးကို ဖမ်းဆီးရမိပြီးနောက်ပိုင်းတွင်လည်း စစ်တပ်၏ ဓားပြတိုက်မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။

ယမန်နေ့ ဇွန်လ ၁၇ ရက် ညပိုင်း ဖားကန့်မြို့နယ်၊ နမ္မဖြစ်အုပ်စု၊ ဆွတ်ဂျတ်ရွာရှိ ကုမ္ပဏီဝန်းတစ်ခုအတွင်းသို့ စစ်ကောင်စီတပ်သားအချို့က သေနတ်ပြ ဓားပြဝင်တိုက်ခဲ့ရာ ငွေကျပ် သိန်း ၂၀၀၀ ခန့် ပါရှိသွားကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ ည ၇ နာရီဝန်းကျင်တွင်လည်း လုံးခင်းကျေးရွာအုပ်စု၊ ဂျိတ်လပ်အနီး၌ စစ်သားများက ထပ်မံ၍ ဓားပြတိုက်မှု ကျူးလွန်ခဲ့ကြသည်။

လက်ရှိတွင် ဖားကန့်ဒေသအတွင်းရှိ ကျေးရွာများထဲ၌ စစ်ကောင်စီတပ်သားများသာမက မင်းဇေသန့် ဦးဆောင်သည့် ဝါရာဇွပ်ပြည်သူ့စစ်များနှင့် ပေါ်တာဆွဲခေါ်လာသော ပြည်သူ့ စစ်များ ရောထွေးအခြေစိုက်နေကြပြီး ရွာများအတွင်းရှိ အနှိပ်ခန်းများနှင့် ပြည့်တန်ဆာအိမ်များတွင် အခြေချနေထိုင်နေကြကြောင်း ဒေသခံများက ဆိုသည်။

စစ်ဆေးမေးမြန်းမှုများအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓားပြတိုက်၍ ရရှိလာသော ငွေကြေးများကို မိသားစုများထံသို့ ပြန်လည်လွှဲပြောင်းပေးနေကြောင်း ဖမ်းဆီးရမိသည့် ပြည်သူ့စစ်အချို့က ဝန်ခံထွက်ဆိုထားသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်၍ ယနေ့အချိန်အထိ နှစ်လကျော်ကာလအတွင်း ဖားကန့်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် ပြည်သူလူထုအပေါ် ဓားပြတိုက်မှု အကြိမ်ရေ ၅၀ ထက်မနည်း ကျူးလွန်ထားကြောင်း သိရသည်။

ထို့အပြင် လမ်းမများပေါ်တွင် တရားမဝင်ဂိတ်များ ဖွင့်လှစ်ကာ ခရီးသွားပြည်သူများ၏ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်နှင့် ပိုက်ဆံများကို အတင်းအဓမ္မ သိမ်းယူသည့်အပြင်၊ လူအချို့ကိုပါ ဖမ်းဆီးကာ မိသားစုများထံမှ ငွေကြေးဖြင့် ပြန်လည်ရွေးခိုင်းနေသည့် ပြန်ပေးဆွဲမှုများကိုပါ ဗြောင်ကျကျ ကျူးလွန်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ဖားကန့်တွင် ဓားပြတိုက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article