ရန်ကုန်၊ ဇွန် ၁၈
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ဂွမြို့ နှင့် ကျိန္တလီမြို့တို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှ စတင်၍ ကျောက်တော်မြို့ပေါ်ရှိ အရပ်သားပြည်သူများ နေထိုင်သော ရပ်ကွက်များ နှင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် တစ်နာရီနီးပါးကြာ ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ပထမ အကြိမ် ဗုံးကျဲ တိုက်ခိုက်မှုတွင် ကျောက်တော်မြို့ပေါ်ရှိ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် စုစုပေါင်း အရပ်သားပြည်သူများ နေထိုင်သည့် နေရာ ၅ ခုကို Rocket ၁၃ လုံး နှင့် ပေါင် ၅၀၀ ဗုံး ၃ လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ဒုတိယအကြိမ် ဗုံးကျဲ တိုက်ခိုက်မှုတွင် ကျောက်တော်မြို့ ၊ လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်ကို ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၃၀၀ ဗုံး ၁ လုံး နှင့် Rocket ၂ လုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်၏ တစ်နာရီနီးပါးကြာ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၄ နှစ်အရွယ် မောင်မြတ်ဟိန်းကျော်၊ အသက် ၄၅ နှစ်အရွယ် ဦး မောင်သန်းဌေး၊ အသက် ၆၄ နှစ်အရွယ် ဦး မောင်နုသာ၊ အသက် ၂၃ နှစ်အရွယ် မ စိုးစန္ဒာ၊ အသက် ၄၀ နှစ်အရွယ် ဦး လူချေမောင်၊ အသက် ၄၀ နှစ် အရွယ် ဦး စောအေးမောင်၊ အသက် ၃၆ နှစ်အရွယ် ဦး တူးတူး၊ အသက် ၇၈ နှစ် အရွယ် ဒေါ်စိန်စိန်(ခ)ဘားမေ တို့ သေဆုံးခဲ့ပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာရကာ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများအပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇွန်လ ၁၄ ရက်နေ့ ည ၁၂ နာရီခန့်ကလည်း ဂွမြို့နယ်၊ အမှတ် ၁၁ တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့ကိုလည်း အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စာသင်ကျောင်းဆောင်များနှင့် အနီးအနားမှ နေအိမ်တချို့ပျက်စီးခဲ့ပြီး နွားတစ်ကောင်သေဆုံးကာ အခြားနွားတစ်ကောင်မှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ဂွမြို့နယ်၊ ကျိန္တလီမြို၊ ရမ္မာကျွန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ်တချို့ ပျက်စီးခဲ့ကြောင်း၊ ဇွန်လ ၄ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် ၄ ရပ်ကွက်၊ တောလယ်ရပ် အရှေ့ဘက်ရှိ ရေနံတူးရာအနီးတစ်ဝိုက်ကိုလည်း စစ်တပ်က အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် နွား ၂ ကောင်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဇွန်လ ၆ ရက်နေ့ ည ၁၁ နာရီခွဲခန့်တွင်လည်း ကျောက်ဖြူမြို့နယ်၊ အမှတ် ၄ တိုက်နယ်၊ ကုလားတွင်းကျေးရွာ နှင့် ဘယာကျေးရွာတို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဘုန်းကြီးကျောင်းနှင့် ပြည်သူပိုင် နေအိမ်တချို့ ပျက်စီးခဲ့ပြီး နွား ၃ ကောင် သေဆုံးခဲ့ကြောင်း၊ ဇွန်လ ၇ ရက်နေ့တွင်လည်း ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း ရေကြောင်းမှ ခရီးသွား ပြည်သူများကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောများပေါ်က စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ခရီးသွားပြည်သူတချို့ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် သံဇစ်မြစ်အတွင်း ဇွန်လ ၇ ရက်နေ့၊ ညနေ ၅ နာရီခန့်က မင်းပြားမြို့မှ ရမ်းဗြဲမြို့သို ကုန်ပစ္စည်းများဝယ်၍ ပြန်လာသော မော်တော်ဘုတ် ၁ စီးကို အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောမှ ဖမ်းဆီးခဲ့ပြီး ၎င်းမော်တော်ဘုတ်၌ လိုက်ပါလာသည့် ကုန်သည်နှင့် လုပ်သား စုစုပေါင်း ၁၄ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးမှုများရှိကြောင်း သိရှိရသည်။






