26.8 C
Yangon

ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၆ နေရာရောက်ရှိလာပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ပိုဆိုးလာဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အထွေထွေညီလာခံတွင် သတိပေး

Must read

ရန်ကုန်၊ ဇွန် ၂၀

မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ဆက် လက်ဆိုးရွားလာနေပြီး အကြမ်းဖက်မှုများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရသူများ၊ စနစ်တကျကျူးလွန်သော ရာဇဝတ်မှုများနှင့် ဒေသတွင်း သက်ရောက်မှုများ တိုးမြင့်လာနေကြောင်း ကုလသ မဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့ (Julie Bishop) က ဇွန်လ ၁၉ ရက်နေ့တွင် သတိပေးပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အလွတ်သဘော အစည်းအဝေးတွင် အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ၏ အခြေအနေသည် တဖြည်းဖြည်း ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းက တိုက်ပွဲများရပ်တန့်ရန်၊ တွေ့ဆုံဆွေးနွေးရန်နှင့် အရပ်သားများကို ကာကွယ်ပေးရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့သော်လည်း အခြေအနေများ တိုးတက်မလာကြောင်း သူက ပြောဆိုသည်။

“လက်ရှိ မြန်မာနိုင်ငံတစ်ဝန်း အခြေအနေတွေဟာ အလွန်ကွဲပြား ကွဲလွဲနေပြီး ပိုမိုမှောင်မိုက်လာနေပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခြေအနေဟာလည်း အလွန်ဆိုးရွားနေဆဲဖြစ်ပါတယ်” ဟု ဂျူလီ ဘစ်ရှော့က ပြောကြားသည်။

မြန်မာနိုင်ငံ၏ မတည်ငြိမ်မှုများသည် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများ ပိုမိုကြီးထွားလာစေကြောင်း၊ မြန်မာနိုင်ငံသည် ဆိုက်ဘာရာဇဝတ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ အဓိကဗဟိုချက်တစ်ခုဖြစ်လာသကဲ့သို့ မက်သာဖက်တမင်း (Methamphetamine) နှင့် ဘိန်းထုတ်လုပ်မှု အဓိကရင်းမြစ်တစ်ခု ဖြစ်လာကြောင်း၊ ထို့ပြင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ်လည်း ရပ်တည်နေကြောင်း သူမက ပြောဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး နိုင်ငံများအနက် အဆင့် ၆ နေရာတွင် ရှိနေပြီး ပြည်တွင်းနေရပ်စွန့်ခွာရသူ ၃ ဒသမ ၇ သန်းကျော်နှင့် ဒေသတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသူ ၁ ဒသမ ၆ သန်းခန့် ရှိကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရိုဟင်ဂျာဒုက္ခသည် ၁ ဒသမ ၂ သန်းခန့်ကို လက်ခံထားရပြီး ကော့စ်ဘဇား (Cox’s Bazar) ဒုက္ခသည်စခန်းသည် ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းအဖြစ် တည်ရှိနေကြောင်း ပြောကြားသည်။

ဂျူလီ ဘစ်ရှော့က မြန်မာနိုင်ငံ၏ အခြေအနေ ပိုမိုဆိုးရွားမသွားစေရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများတွင် အခက်အခဲများ ရှိနေသော်လည်း ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများကို ဆက်လက်ကူညီပံ့ပိုးသွားမည်ဟု ပြောကြားသည်။

“ကုလသမဂ္ဂအနေနဲ့ ငြိမ်းချမ်းရေး၊ ဥပဒေနဲ့ ညီညွတ်ရေး၊ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တွေကို အခိုင်အမာ ထောက်ခံရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အေဂျင်စီတွေ၊ ရန်ပုံငွေအဖွဲ့တွေအနေနဲ့ အခက်အခဲတွေကြားမှာ မြန်မာနိုင်ငံမှာပဲ ဆက်လက်ရပ်တည်ကာ အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ခံ အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်လာခဲ့ကာ နိုင်ငံတစ်ဝန်း ဆန္ဒပြလှုပ်ရှားမှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article