ရန်ကုန်၊ ဇွန် ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ချောင်းစောက်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကျိုက်ထိုမြို့နယ် ချောင်းစောက်ရွာရှိ ဈေးဆိုင်တစ်ဆိုင်ကို ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း ဆိုင်ပိုင်ရှင် အပါအဝင် ဈေးလာဝယ်သူ ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။
“ဘာတိုက်ပွဲမှလည်း မရှိပါဘူး။ စစ်ခွေးတွေက ဒီတိုင်းဗုံးကျဲ တိုက်ခိုက်သွားတာ ကျနော်တို့ သိရတာတော့ ဈေးဆိုင်ပိုင်ရှိ အမျိုးသား ၁ ဦးနဲ့ ဈေးလာဝယ်သူ ၂ ဦးသေဆုံးတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်ပြီး ကန်ပက်လက်မြို့ကို တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၉ ရက်နှင့် ၁၇ ရက်နေ့တို့တွင် Y-12 လေယာဉ်ဖြင့် ၂၈ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၉ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း၊ စစ်တပ်သည် မင်းတပ်နှင့် ကန်ပက်လက်မြို့ပေါ်ကို ဇွန်လပိုင်းမှ စတင်၍ လေကြောင်း တိုက်ခိုက်မှုများ နေ့စဉ် ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – ကျိုက်ထိုမြို့နယ်၊ ချောင်းစောက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်များ။






