ရန်ကုန်၊ ဇွန် ၂၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စစ်ပြဲရွာ တိုက်ပွဲတွင် စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး အလောင်း ၇ လောင်း အပါအဝင် လက်နက် ၁ လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိကာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခန့်မှစတင်ကာ လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာပြီး ထားဝယ်မြို့ပေါ်မှ ဟောင်ဝှစ်ဇာ လက်နက်ကြီးများ၊ လောင်းလုံးမြို့ပေါ် စရဖရုံးနှင့် လက်ခတ်တောင် တာဝါတိုင် စခန်းမှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ပွဲသည် ယင်းနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အထိ တနေကုန် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ပြဲရွာရှိ လူနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာထဲမှ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၆ ဦးအပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်သား အလောင်း ၇ လောင်းကို တော်လှန်ရေး ပူးပေါင်းတပ်များက တွေ့ရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ဦး (မစိုးရိမ်ရ) ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“စစ်ခွေးသေတာက ၁၀ ကောင်ကျော်မယ်။ ကျနော်တို့ အလောင်း ၇ လောင်းကိုတော့ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ အဲ့ စစ်ခွေးစစ်ကြောင်းက ရွာထဲမှာ သူတို့ စစ်ခွေးအလောင်းတွေကို မြေမြုပ်သွားတာတွေလည်းရှိတယ်။ ပုတ်နံ့က တော်တော်လေး ပြင်းလို့ ကျနော်တို့ အလောင်းပေါ်မကြည့်ရသေးဘူး။ လက်နက် ၁ လက်နဲ့ ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု လောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်း မှဦးစီး၍ ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်း(ပင်လယ်ကြယ်တပ်ခွဲ)၊ထားဝယ်ခရိုင်အမှတ်(၈ဝဝ၃)တပ်ရင်း၊ လောင်းလုံးမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့LLPDF(လောင်းလုံး-ပကဖ)လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့ (LLSBF)၊ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်း-ပကဖ)၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ Guerrilla Dawei(ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့)၊အထူးပြောက်ကျားတပ်ဖွဲ့ Dragon Squad (2) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။







