ရန်ကုန်၊ ဇူလိုင် ၂၉
စစ်အာဏာရှင် တော်လှန်ရေး ဆုံးခန်းတိုင် ဆက်လျှောက်ရန် နိုင်ငံတစ်ဝန်း “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” ပြုလုပ်မည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန် ပြည်သူများ သစ္စာအဓိဋ္ဌာန်ပြုနိုင်ပြီး ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်းဖြင့် ပါဝင်နိုင်ကြောင်း သိရှိရသည်။
ပြည်သူလူထုတစ်ရပ်လုံး မိမိတို့ ယုံကြည်ရာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။
တနင်္ဂနွေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် နိုင်ငံအနှံ့အပြားရှိ ပြည်သူလူထုများအနေဖြင့် မိမိတို့စုဝေးရန် အဆင်ပြေသည့် နေရာဒေသတစ်ခုခုတွင် စုဝေးကြပြီး အောက်ပါ သစ္စာအဓိဋ္ဌာန်တို့ကို ရွတ်ဆို၍ သစ္စာအဓိဋ္ဌာန်ပြုကြမည်ဖြစ်ကြောင်း၊
– တော်လှန်ရေးတွင် မြင့်မြတ်စွာရင်းနှီးပေးဆပ်ခဲ့ကြသူအပေါင်းတို့၏ ကျေးဇူးဂုဏ်ကို ဦးညွှတ်အလေးပြုပါသည်။
– တော်လှန်ရေးပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက်ပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုပါသည်။
– တရားမျှတ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်း တို့သည် ဤမြေ၌ တည်ပါစေသတည်း။
– တရားတဲ့သူသာ နိုင်ကြေးဟေ့ ဟု ရွတ်ဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သူများစုဝေးရာတစ်နေရာရာသို့ ရောက်ရှိရန် အခက်အခဲရှိပါက ကားဟွန်းတီးခြင်း၊ သံပုံးတီးခြင်း တို့ဖြင့် “လူထု့သစ္စာအဓိဋ္ဌာန်ပြုပွဲ” ကို ပါဝင်အားဖြည့်နိုင်သည်ဟု ကြေညာထားသည်။