27 C
Yangon

ထိုင်းနိုင်ငံ ချွန်ပူရီတွင် ရွှေဆိုင်မှ ရွှေဆွဲကြိုးအစစ်ကို အတုဖြင့်လဲလှယ်ခိုးယူရန် ကြိုးပမ်းသည့် မြန်မာအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၂၃

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ သီရာချာ (Sri Racha) မြို့နယ်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဆွဲကြိုးအစစ်ကို ရွှေအတုဖြင့် လဲလှယ်ခိုးယူရန် ကြိုးပမ်းခဲ့သည့် အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို ဇွန်လ ၂၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် အဝေးပြေးလမ်းမကြီး အမှတ် ၃၃၁ ဘေးရှိ ပက်ရူအမ် (Pak Ruam) ဈေးအတွင်း ဖွင့်လှစ်ထားသည့် “ဘွန်ချိုင်း ယာဝရတ်” (Boonchai Yaowarat) ရွှေဆိုင်မှ ရွှေဆွဲကြိုးအစစ်ကို အတုဖြင့် လဲလှယ်ရန် ကြိုးစားသူတစ်ဦးကို ထိန်းသိမ်းထားကြောင်း သတင်းပေးပို့အကြောင်းကြားချက်ရရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာသို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ရွှေဆိုင်ပိုင်ရှင်၏ ပြောကြားချက်အရ မမုံဆာ (Mrs. Mong Ser) အမည်ရှိမြန်မာအမျိုးသမီးက ရွှေထည်များကို ကြည့်ရှုဝယ်ယူလိုသူအဖြစ် ဟန်ဆောင်၍ ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အလေးချိန် ၃ ဒသမ ၇၅ ဂရမ်ခန့် ရှိသည့် ရွှေဆွဲကြိုးတစ်ကုံးကို အချိန်အတော်ကြာ ကိုင်တွယ်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းသည် ဆိုင်ပြင်သို့ ခေတ္တထွက်ခွာသွားပြီး ပြန်လည်ရောက်ရှိလာကာ ယင်းရွှေဆွဲကြိုးကို ထပ်မံကြည့်ရှုခွင့်တောင်းဆိုခဲ့သည်။ ရွှေဆွဲကြိုးကို ၂ မိနစ်မှ ၃ မိနစ်ခန့် ထပ်မံကိုင်တွယ်ကြည့်ရှုပြီးနောက် ငွေသွားထုတ်ပြီး ပြန်လာဝယ်ယူမည်ဟု ဆိုကာ ဆွဲကြိုးကို ဆိုင်ရှင်ထံ ပြန်လည်ပေးအပ်ခဲ့သည်။

သို့သော် ဆိုင်ရှင်က ပြန်လည်ပေးအပ်သည့် ပစ္စည်းကို စစ်ဆေးရာ မူလရွှေဆွဲကြိုးမဟုတ်ဘဲ အရည် အသွေးနိမ့်သည့် ရွှေအတုဖြစ်နေကြောင်း သတိပြုမိခဲ့သည်။

ထို့ကြောင့် ဆိုင်ရှင်သည် ဆိုင်မှ ထွက်ခွာရန် ပြင်ဆင်နေသည့် အဆိုပါအမျိုးသမီးကို ပြန်လည်ခေါ်ယူကာ ၎င်း၏လက်အတွင်း ကိုင်ဆောင်ထားသည့် ပစ္စည်းများကို စစ်ဆေးခဲ့ရာ ဆိုင်ပိုင် ရွှေဆွဲကြိုးအစစ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းနောက် မြန်မာအမျိုးသမီး ထွက်ပြေးလွတ်မြောက်ခြင်းမရှိစေရန် ဆိုင်တံခါးကို ပိတ်ဆို့ထားပြီး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းရဲတပ်ဖွဲ့က အသက် ၃၄ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ရွှေထည်ခိုးယူရန် ကြိုးပမ်းမှုဖြင့် ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article