ရန်ကုန်၊ ဇွန် ၂၃
မြန်မာစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၆ လအတွင်း အရပ်သား ၇၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံ တကာအကူအညီများ လျော့နည်းလာမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်း ပိုမိုနက်ရှိုင်းလာကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ဇွန်လ ၂၂ ရက်နေ့တွင် အစီရင်ခံစာ ထုတ်ပြန်သတိပေးသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ၆ လတာ ကာလအတွင်း မြန်မာစစ်တပ်၏ လက် ချက်ကြောင့် အရပ်သား အနည်းဆုံး ၇၀၂ ဦး သေဆုံးခဲ့ရကြောင်း ၊တစ်ချိန်တည်းတွင်ပင် နိုင်ငံတကာ၏ ကူညီပံ့ပိုးမှုများ လျော့နည်းလာခြင်းကြောင့် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ပိုမိုနက်ရှိုင်းလာနေကြောင်း OHCHR အစီရင်ခံစာက ဆိုသည်။
ထို့ပြင် နိုင်ငံခြားအင်အားစုအချို့က စစ်တပ်ထံသို့ လက်နက်ခဲယမ်းများ၊ ဂျက်လေယာဉ်ဆီများနှင့် နှစ်မျိုးသုံးပစ္စည်းများကို ဆက်လက်ထောက်ပံ့နေခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာရောက်စေရန် ပံ့ပိုးပေးနေကြောင်း၊ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား သေဆုံးမှုများ ရှိခဲ့ကြောင်း ၊ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ၆ လအတွင်း သေဆုံးခဲ့သော ၇၀၂ ဦးအနက် ၄၇၆ ဦးမှာ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ အများစုမှာ စစ်ကိုင်း၊ မကွေး အစရှိသည့် အလယ်ပိုင်းဒေသများနှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးရသူများထဲတွင် အမျိုးသမီး ၂၂၄ ဦးနှင့် ကလေး သူငယ် ၁၅၃ ဦး ပါဝင်နေပြီး၊ ဂျက်တိုက်လေယာဉ်များ၊ ဒရုန်းများ၊ ပါရာမော်တာများနှင့် ဂိုင်ရိုကော့ပတာ (gyrocopters) များကို အသုံးပြု၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အရပ်သား သေဆုံးမှုနှုန်းမှာ ဩဂုတ်လမှ စက်တင်ဘာလအတွင်းနှင့် ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း ကာလများတွင် အမြင့်ဆုံးအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
အခြားတစ်ဖက်တွင်လည်း နိုင်ငံခြားရန်ပုံငွေများ လျှော့ချခြင်းနှင့် ဆိုင်းငံ့ခြင်းတို့ကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသန္တရအုပ်ချုပ်ရေးယန္တရားများက အရပ်သားများကို အကာအကွယ်ပေးရန် အားထုတ်နေသည့် လုပ်ငန်းစဉ်များအပေါ် ကြီးမားစွာ ထိခိုက်လျက်ရှိသည်ဟု ကုလသမဂ္ဂက ဆိုသည်။
အဆိုပါ ရန်ပုံငွေ ပြတ်လပ်မှုများကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွင် စီမံကိန်းများ လျှော့ချခြင်း၊ ပိတ်သိမ်းခြင်းနှင့် ဝန်ထမ်းများ အလုပ်ထုတ်ပယ်ခြင်းများ ကြုံတွေ့နေရပြီး တိုင်းရင်းသားမီဒီယာများနှင့် အမျိုးသမီးအဖွဲ့အစည်းများမှာ ပိုမိုဆိုးရွားစွာ ထိခိုက်ခံစားနေရကြောင်း၊ စစ်ကောင်စီ၏ လမ်းပိတ်ဆို့မှုများနှင့် နိုင်ငံတကာ အကူအညီများ လျော့နည်းသွားမှုတို့ကြောင့် အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ခြေ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း သိရှိရသည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဖော့လ်ကာ တာ့ခ် (Volker Türk) က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူများကို ပြန်လည်ကူညီပံ့ပိုးပေးရန်နှင့် ပိုမိုပြင်းထန်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် တောင်းဆိုလိုက်သည်။
“မြန်မာပြည်သူတွေဟာ စစ်တပ်လက်ချက်နဲ့ ဒုက္ခဆင်းရဲတွေ အလုံအလောက် ခံစားခဲ့ရပြီးပြီဖြစ်တဲ့အပြင်၊ အခုဆိုရင် နိုင်ငံပြင်ပကလူတွေရဲ့ မေ့လျော့ခြင်းကိုပါ ခံနေရသလို ဖြစ်နေပါပြီ။ ဒေသအလိုက် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေ ထောက်ပံ့ပေးနိုင်မှုဟာ စစ်တပ်ရဲ့ အဆက်မပြတ် ပစ်မှတ်ထားမှုနဲ့ အဝေဖန်မရတဲ့ တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခတွေကြားထဲမှာ ပြည်သူတွေအတွက် တစ်ခုတည်းသော အားကိုးရာ ဖြစ်ခဲ့တာပါ။ အခုလို အကူအညီတွေ နောက်ဆုတ်သွားတာဟာ ဒဏ်ရာပေါ် ဆားနဲ့ပက်သလို ပိုပြီးတော့ပဲ နာကျင်စေပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် နိုင်ငံတကာအနေဖြင့် ဆယ်စုနှစ်တစ်ခုကြာ ပြင်းထန်စွာ ဆင်းရဲဒုက္ခခံစားခဲ့ရသည့် မြန်မာပြည်သူများကို ထပ်မံ ပစ်ပယ်ထားမည်လားဆိုသည်ကို မိမိကိုယ်ကိုယ် ပြန်လည်မေးခွန်းထုတ်ရန် ပြောကြားခဲ့ပြီး၊ လက်နက်ကိုင်ပဋိပက္ခများကို ချက်ချင်းရပ်တန့်ရန်နှင့် အရေးပေါ် စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ ဆေးဝါးနှင့် အခြေခံဝန်ဆောင်မှုများ လိုအပ်နေသည့် အရပ်သားများထံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အမြန်ဆုံး အတားအဆီးမရှိ ဝင်ရောက်ခွင့်ပြုရန် သူက တောင်းဆိုသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော ပြည်သူတချို့။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




