27 C
Yangon

ကန်ပက်လက်ရှိ ကျောက်တောင်ရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ နှစ် အရွယ်ကလေးငယ် နှင့် မိခင် ဖြစ်သူသေဆုံး၊ စဉ့်ကူးတွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၂၃

ချင်းပြည်နယ်၊ ကန်ပက်လက်ရှိ ကျောက်တောင်ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၂ နှစ် အရွယ်ကလေးငယ်နှင့် မိခင် ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရသည်။

ဇွန်လ ၂၁ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ကျောက်တောင်ရွာအနီး တောင်ယာများထဲတွင် စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုဗုံးကျဲ တိုက်ခိုက်မှု အတွင်း စစ်ရှောင်တဲအတွင်း နေထိုင်သော အသက် ၂ နှစ် အရွယ်ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးရှိကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၁၉ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း) ရှိ စစ်ဘေးရှောင်အရပ်သားများ နေထိုင်ရာနေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Wetlet Informational Network ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယနေ့ ဇွန်လ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် စဉ့်ကူးမြို့နယ်၊ ထုံးကြီးရွာရှိ အကြမ်းဖက် စစ်သားများက ၈၁ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ရာ မြေနုရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရကာ ၂ ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ကျေးရွာထဲကို ရမ်းပစ်လို့ မြေနုရွာထဲကို လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရတာ ၂ ဦးကတော့ ဒဏ်ရာအခြေအနေ စိုးရိမ်ရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article