ရန်ကုန်၊ ဇွန် ၂၃
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်ရှိ မီးရထားလမ်း ဥမင်လိုဏ်ခေါင်း တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်တစ်ခုတွင် နံရံပြိုကျမှုဖြစ်ပွားခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး၊ အခြားအလုပ်သမား ၂ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်ခန့်အချိန် ချင်းရိုင်ခရိုင်၊ ဒွိုင်လွမ်မြို့နယ်၊ ချုတ်ချိုင်းကျေးရွာ အုပ်စုအတွင်းရှိ ဥမင်လိုဏ်ခေါင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများက ဥမင်လိုဏ်ခေါင်းနံရံ ပိုမိုခိုင်ခံ့စေရန်အတွက် သံတိုင်များ တပ်ဆင်သည့်အလုပ်ကို လုပ်ကိုင်နေစဉ် ဥမင်နံရံသည် ရုတ်တရက် မြေပြိုကျလာခဲ့သည်။
ယင်းမြေပြိုကျမှုကြောင့် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေသည့် အသက် ၂၈ နှစ်အရွယ် မြန်မာနိုင်ငံသား ကိုတိုးတိုးထွန်းနှင့် အသက် ၂၄ နှစ်အရွယ် ထိုင်းနိုင်ငံသား အဖိဒေတ် ကယောက်ပရာခဲန် (Aphidet Kayaukprakhaen) တို့မှာ မြေပိပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ထို့ပြင် အခြား မြန်မာအလုပ်သမား ၁ ဦးနှင့် ထိုင်းအလုပ်သမား ၁ ဦးတို့လည်း ဒဏ်ရာများရရှိခဲ့သဖြင့် ၎င်းတို့ကို ဒွိုင်လွမ်ဆေးရုံနှင့် ချင်းရိုင်းဆေးရုံကြီးတို့သို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ရသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ဒွိုင်လွမ်မြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများက အသေးစိတ် လိုက်လံစစ်ဆေးနေပြီး၊ ထိုင်းနိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကိုယ်တိုင် ကွင်းဆင်းညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ယင်းညွှန်ကြားချက်အရ အင်ဂျင်နီယာပညာရှင်များနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ ဥမင် လိုဏ်ခေါင်းအတွင်းပိုင်း တည်ဆောက်ပုံ ကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေးရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ၂ ပတ်ကြာ ယာယီရပ်နားထားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ရှိသူများက သေဆုံးသွားသူ ကိုတိုးတိုးထွန်း အပါအဝင် အလုပ်သမားများ၏ နာရေးစရိတ်၊ ဒဏ်ရာရသူများ၏ ဆေးကုသစရိတ်နှင့် မိသားစုဝင်များအတွက် ရေရှည်နစ်နာကြေးများ ပေးအပ်ရေးအပြင် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို အပြည့်အဝ တာဝန်ယူသွားမည်ဟု ပြောဆိုထားသည်။
သေဆုံးသူများ၏ ရုပ်အလောင်းများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ပြီးနောက် မိသားစုဝင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်သည်။
အဆိုပါ မတော်တဆမှုဖြစ်ပွားခဲ့သည့် ရထားလမ်းဆောက်လုပ်ရေးစီမံကိန်းသည် ဒိန်ချိုင်း-ချင်းရိုင်း-ချင်းခေါင် (Den Chai-Chiang Rai-Chiang Khong) ရထားလမ်းပိုင်းဖြစ်ပြီး စုစုပေါင်း ၃၂၃.၁ ကီလိုမီတာ ရှည်လျားကာ ဘတ်ဂျက်ငွေ ထိုင်းဘတ် ၈၅,၃၄၅ သန်း အကုန်အကျခံ တည်ဆောက်နေခြင်း ဖြစ်သည်။
ယခု ပြိုကျမှုဖြစ်ပွားခဲ့သည့်နေရာမှာ ၃.၄ ကီလိုမီတာ ရှည်လျားသော “ဒွိုင်လွမ်ဥမင်” (Doi Luang Tunnel) ဖြစ်ပြီး စီမံကိန်းတစ်ခုလုံးတွင် ပါဝင်သည့် ဥမင် ၄ ခုအနက် တစ်ခုဖြစ်သည်။






