27 C
Yangon

သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်းတင်သွင်းနေသော တရုတ် Leapmotor EV ကားထုတ်လုပ်ရေးစက်ရုံသို့ မင်းအောင်လှိုင် သွားရောက်လေ့လာပြီးနောက် Leapmotor တံဆိပ် EV ကားများကို မြန်မာပြည်တွင်း တွင်တွင်ကျယ်ကျယ်အသုံးပြုရေး ညွှန်ကြား

Must read

ရန်ကုန်၊ ဇွန် ၂၃

အကြမ်းဖက် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်(NPK Motor) တို့ မြန်မာနိုင်ငံအတွင်းသို့ ပူးပေါင်း တင်သွင်းနေသော တရုတ် Leapmotor EV ကားထုတ်လုပ်ရေးစက်ရုံသို့ အကြမ်းဖက် မင်းအောင်လှိုင်က သွားရောက် လေ့လာပြီးနောက် တရုတ် Leapmotor အမှတ်တံဆိပ် EV ကားများ တွင်တွင်ကျယ်ကျယ်အသုံးပြုရေး လုပ်ဆောင်ရန် မှတ်ချက်ပြု ညွှန်ကြားလာကြောင်း UMFCCI သတင်းရင်းမြစ်က ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ အကြမ်းဖက် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့ရှိ Zhejiang Leapmotor Technology Co., Ltd ၏ Leapmotor EV ကားထုတ်လုပ်ရေးစက်ရုံသို့ သွား ရောက် လေ့လာခဲ့ကြောင်း၊ ယင်းခရီးစဉ်ကို မြန်မာနိုင်ငံအတွင်းသို့ ခင်သီရိသက်မွန်နှင့်အတူ Leapmotor EV ကားများ တင်သွင်းနေသော နိုင်ဖြိုးကျော်က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါခရီးစဉ်အတွင်း မင်းအောင်လှိုင်က စက်ရုံထုတ် Leapmotor EV ကားများကို လေ့လာခဲ့ပြီးနောက် အခြား EV ကားများထက် Leapmotor ကားများက စျေးနှုန်းအားဖြင့် သက်သာပြီး အရည် အသွေးကောင်းမွန်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် စျေးသက် သက်သာသာဖြင့် အရည်အသွေးကောင်းမွန်သော Leapmotor EV ကားများကို ပိုမို သုံးစွဲသင့်သည်ဟု မင်းအောင်လှိုင်က မှတ်ချက်ပြုခဲ့ကြောင်း သိရှိရသည်။

“Leapmotor ကားစက်ရုံမှာ သူရောက်တော့ ဟိုက စျေးနှုန်းပိုင်း အရည်အသွေးပိုင်း၊ နောက် တစ်ခုက EV ကားအပိုပစ္စည်းတွေ ခပ်များများ ထုတ်လုပ်ဖြန့်ချိနိုင်တာတွေ လိုက်ရှင်းပြတယ်။ အားသွင်းတာကိုလည်း အချိန်တိုတိုနဲ့ ခပ်မြန်မြန် အားပြည့်အောင် သွင်းနိုင်တာတွေ ရှင်းပြတယ်။ အဲဒီမှာ သမ္မတ (မင်းအောင်လှိုင်)က စျေးနှုန်းလည်း သက်သာပြီး အရည်အသွေးကောင်းရင် ပြည်သူတွေ များများ သုံးစွဲနိုင်ရင် ပိုကောင်းမယ် ဆိုတာမျိုး မှတ်ချက်ပေးတယ်လို့ သိရတယ်” ဟု UMFCCI မှ သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြည်တွင်း လျှပ်စစ် ဓာတ်အား လုံလောက်စွာ ရရှိရေးအတွက် ဆိုလာနှင့် ဆက်စပ် ပစ္စည်းကို ပြည်ပမှ တင်သွင်းမှုများအတွက် အခွန်ကင်းလွတ်ခွင့်ပြုခဲ့ပြီးနောက် မင်းအောင်လှိုင်၏ သားနှင့်သမီးဖြစ်သူတို့က ဆိုလာလျှပ်စစ် နှင့် EV ကားတင်သွင်းမှုများကို အကြီးအကျယ် တိုးမြှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ ပူးပေါင်း တင်သွင်းနေသော Leapmotor EV ကားများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ မြန်မာနိုင်ငံတွင် တပ်ဆင်ထုတ်လုပ်ရန်အတွက် နိုင်ဖြိုးကျော်၏ NPK ကုမ္ပဏီနှင့် တရုတ် Leapmotor တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

ယင်းအပြင် ခင်သီရိသက်မွန်နှင့် နိုင်ဖြိုးကျော်တို့ပူးပေါင်းလုပ်ကိုင်နေသော ကုမ္ပဏီက ရန်ကုန်၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် EV ကား အားသွင်းနိုင်သော Charging Station လုပ်ပိုင်ခွင့်များကိုလည်း ရရှိထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article