25.6 C
Yangon

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးဆိုးရွားလာသည်ဆိုသော သတင်းများရရှိထားဟု သားဖြစ်သူ ပြော

Must read

ရန်ကုန်၊ ဇွန် ၂၉

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေ အနေ ဆိုးရွားလာနေသည်ဆိုသော သတင်းများ ရရှိထားကြောင်း သားဖြစ်သူ ကင်မ် အဲရစ် (Kim Aris) က ပြောဆိုလိုက်ပြီး စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြရန် လိုအပ်ကြောင်း တောင်းဆိုလိုက်သည်။

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် နေထိုင်လျက်ရှိသည့် ကင်မ် အဲရစ်က ယခုသီတင်းပတ်အတွင်း ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် စစ်ကောင်စီက ဧပြီလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ကို ၁၇ နှစ်ခန့်အထိ လျှော့ပေါ့သတ်မှတ်ပေးခဲ့ပြီး နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ထုတ်ပြန်ခဲ့သော်လည်း ယင်းအတွက် သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရသေးကြောင်း ပြောဆိုသည်။

ကင်မ် အဲရစ်က ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားခြင်းမရှိဘဲ နေပြည်တော်အကျဉ်းထောင်တွင်သာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု မိမိယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“အမေ နေအိမ်အကျယ်ချုပ်ကို ပြောင်းသွားတယ်ဆိုတဲ့ သက်သေ အထောက်အထား ဘာမှမရှိပါဘူး။ ကျွန်တော်တို့ ကြားသိရတာကတော့ အမေရဲ့ ကျန်းမာရေးက ပိုပြီးဆိုးရွားလာနေတယ်ဆိုတဲ့ သတင်းတွေပဲ ဖြစ်ပါတယ်” ဟု ကင်မ် အဲရစ်က ပြောဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် နှလုံးရောဂါနှင့် အသက်အရွယ်ကြောင့် ဖြစ်ပွားလာသည့် အရိုးပွရောဂါတို့ကို ခံစားနေရကြောင်း မိမိသိရှိထားသည်ဟုလည်း ၎င်းက ပြောကြားသည်။

နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံထားရနိုင်သည့် အကျဉ်းထောင်၏ အခြေအနေမှာလည်း “အလွန်ဆိုးရွားသည်” ဟု အကျဉ်းထောင်မှ လွတ်မြောက်လာသူတစ်ဦးထံမှ သိရှိထားကြောင်း ကင်မ် အဲရစ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယနေ့အချိန်အထိ အကျဉ်းကျခံနေရဆဲဖြစ်သည်။ ၎င်းသည် ၁၉၉၁ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်တွင် ရွေးကောက်ခံအစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

ကင်မ် အဲရစ်က မိမိအနေဖြင့် မိခင်ထံမှ နောက်ဆုံးရရှိခဲ့သည့် ဆက်သွယ်မှုမှာ လွန်ခဲ့သော နှစ်နှစ်ကျော်က ရရှိခဲ့သည့် စာတစ်စောင်သာဖြစ်ကြောင်း ပြောကြားသည်။

အသက် ၄၈ နှစ်ရှိ ကင်မ် အဲရစ်သည် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် မွေးဖွားကြီးပြင်းခဲ့ပြီး အသက် ၁၁ နှစ်အရွယ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသို့ ပြန်လာကာ မိခင်ဖြစ်သူကို ပြုစုစောင့် ရှောက်ခဲ့ရာမှ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်လာခဲ့ကြောင်း ပြောပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ စစ်အစိုးရလက်အောက်တွင် အကြိမ်ကြိမ် နေအိမ်အကျယ်ချုပ် ချမှတ်ခံခဲ့ရပြီး စုစုပေါင်း ၁၅ နှစ်ခန့် လွတ်လပ်ခွင့်ဆုံးရှုံးခဲ့ရသည်။ ယင်းကာလအတွင်း ကင်မ် အဲရစ်နှင့် အစ်ကိုဖြစ်သူ အလက်ဇန္ဒား အဲရစ်တို့ကို ဖခင်ဖြစ်သူ ဗြိတိန်ပညာရှင် ဒေါက်တာ မိုက်ကယ် အဲရစ်က ပြုစုပျိုးထောင်ပေးခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ နိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအတွင်း ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက်ပိုင်းတွင် မိမိအနေဖြင့် အများရှေ့ထွက်ပြောရသူ မဖြစ်လိုသော်လည်း မိခင်အတွက် အသံထွက်ပြောဆိုပေးရန် တာဝန်ရှိသည်ဟု ခံစားလာရကြောင်း ကင်မ် အဲရစ်က ပြောသည်။

“ကျွန်တော်က အများရှေ့ထွက်ပြောရတဲ့သူမျိုးတော့ မဖြစ်ချင်ပါဘူး။ ဒါပေမယ့် ဒီအခြေအနေမှာတော့ အမေအတွက် ကျွန်တော် ရပ်တည်ပေးရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကင်မ် အဲရစ်သည် ၈၁ ကီလိုမီတာ စကိတ်ဘုတ်စီးကာ လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ခဲ့ပြီး မိခင်အကျဉ်းကျခံနေရသည့် အခြေအနေကို နိုင်ငံတကာက ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံအပါအဝင် နိုင်ငံအများအပြားသို့ သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးအတွက် လှုံ့ဆော်မှုများ ဆက်လက်လုပ်ဆောင်နေပြီး နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များအပေါ် ဖိအားပေးမှုများကို ဆက်လက်တိုးမြှင့်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီနှင့် ဒီမိုကရေစီလိုလားသည့် အင်အားစုများအကြား တိုက်ပွဲများ ဆက် လက်ပြင်းထန်နေသည့် အခြေအနေတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို လျှော့ချနိုင်ရေးအတွက် လေယာဉ်ဆီ ထောက်ပံ့မှုများကို နိုင်ငံတကာက ဖြတ်တောက်ပေးရန် အရေးကြီးကြောင်းလည်း ကင်မ် အဲရစ်က တိုက်တွန်းထားသည်။

“စစ်တပ်ကို လေယာဉ်ဆီ မရအောင် တားဆီးနိုင်ဖို့က အရေးအကြီးဆုံးကိစ္စပါ” ဟု ကင်မ် အဲရစ်က ပြောကြားခဲ့သည်။

ကိုးကား- Kyodo News ။

AUNG SAN SUU KYI, June 2013, at the World Economic Forum meeting in Naypyidaw, Myanmar.
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article