25.6 C
Yangon

မိုးဗြဲတွင် စစ်တပ် စစ်ကြောင်းနှင့် ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား အများအပြားသေဆုံးပြီး စစ်သုံ့ပန်း ၁ ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၉

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပြင်သို့ ထွက်လာသော စစ်တပ်စစ်ကြောင်းနှင့် ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားအများအပြား သေဆုံးပြီး စစ်သုံ့ပန်းတစ်ဦးနှင့်အတူ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့ ဇွန်လ ၂၈ ရက် နံနက် ၄ နာရီခွဲက မိုးဗြဲမြို့အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်က မြို့ပြင်သို့ စစ်ကြောင်းထိုးလာသဖြင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု တပ်ဖွဲ့ဝင်များက တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း၊ အလားတူ မိုးဗြဲမြို့ပြင်ရှိ စစ်တပ် ကာကင်းစခန်း ၃ ခုကိုလည်း ကရင်နီတော်လှန် ရေးပူးပေါင်းတပ်ဖွဲ့က ထပ်မံ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီခန့်အထိ နှစ်ဖက် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများအတွင်း စစ်တပ် ကာကင်းစခန်း ၃ ခုကို သိမ်းပိုက်ရရှိခဲ့ကာ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း ၁ ဦးနှင့်အတူ လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲများ အ တွင်း ထိခိုက်သေဆုံးသော စစ်သားများမှာ စစ်ကောင်စီတပ်လက်အောက်ခံ PNO ပြည်သူ့စစ်နှင့် စစ် မှုထမ်းတပ်သားသစ် အများအပြားပါဝင်ကြောင်း သိရသည်။

“စခတွေဘက်က ကျဆုံးတာက ထုံးစံအတိုင်းပဲ ပစနဲ့ PNO တွေများပါတယ်၊ အရေအတွက်တော့ အ တိ အကျမသိရဘူး။ နောက်ဆုံး အတည်ပြုချက်အရတော့ စခ ကာကင်းစခန်း ၃ ခုကို တော်လှန် ရေး တပ်ဘက်က သိမ်းယူထားပါတယ်။ ရှေ့တိုးလာတိုင်း စခတွေ ပြုတ်ပါတယ်။ ပြုတ်မှန်းသိပေမယ့် ပစ တွေကို လူလှိုင်းအဖြစ် ထိုးကျွေးနေတာပါ၊ စစ်ကြောင်းလိုက်လာရင် စစ်ကြောင်းလိုက်ပြုတ်မှာပါ၊ တိုက်ပွဲတွေက မြို့နဲ့အနီးဆုံးနေရာမှာပဲဖြစ်နေတာပါ၊” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်‌‌ ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထို့အပြင် တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးသွားသော စစ်မှုထမ်း တပ်သားများ၏ ရုပ်အလောင်း စစ် ကောင်စီတပ်က ကောက်ယူသင်္ဂြိုလ်ခြင်းမပြုပဲ စွန့်ပစ်ထားသဖြင့် မိုးဗြဲမြို့တစ်ခုလုံးအပုတ်နံ့များ ဆိုး ဆိုးရွားရွားဖြစ်ပေါ်နေကြောင်း၊ ထိုသို့ စွန့်ပစ်ထားခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ မြို့ထဲသို့ ဝင် ရောက်လာမလာနိုင်စေရန်နှင့် ရှေ့တန်းကာကင်စခန်းများ သိမ်းပိုက်မိပါကလည်း ကြာရှည်စခန်းနေ ထိုင်နိုင်ခြင်းမရှိစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် စွန့်ပစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

“စခတွေက မိုးဗြဲမြို့အနီးက ရှေ့တန်းကာကင်းစခန်းတွေမှာ ကျဆုံးတဲ့ စခတွေရဲ့ အလောင်းတွေကို ကောက်ပြီး မသင်္ဂြိုဟ်လို့ အပုပ်နံ့တွေက မြို့ထဲအထိ နံဟောင်နေပြီ။ စခတွေက တမင် ရည်ရွယ်ချက်ရှိရှိ အလောင်းတွေကို မကောက်တာပါ။ တော်လှန်ရေးဘက်က ရှေ့တိုးမလာနိုင်အောင် လုပ်တာပါ။ အလောင်းတွေရဲ့ အပုပ်နံ့တွေက နံလွန်းတာကြောင့် တော်လှန်ရေးဘက်က ကာကင်းစခန်းတွေ ရသွားခဲ့ရင်တောင် အပုပ်နံ့ကြောင့် ကြာကြာမနေနိုင်အောင် လုပ်ထားတဲ့သဘောပါ။ အဲဒီအပုပ်နံ့တွေ မခံနိုင်လို့ ရထားတဲ့ ကာကင်းစခန်းအချို့ကနေ တော်လှန်ရေးရဲဘော်တွေ ပြန်ဆုတ်ရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

မိုးဗြဲမြို့အတွင်းရောက်ရှိနေသော စစ်ကောင်စီတပ်သားများသည် အချိန်တိုင်း ကြောက်ရွံ့နေကြရပြီး ကင်း ထောက်ဒရုန်းများဖြင့် မြို့ပြင်ကို ကင်းထောက်ခြင်း၊ ကင်းထောက်လေယာဉ်ဖြင့် ကင်းထောက် ခြင်းတို့ လုပ်ဆောင်ကာ လက်နက်ကြီး၊ ဒရုန်းများဖြင့် အနီးအနားပတ်ဝန်းကျင်ကို ဗုံးကျဲတိုက်ခိုက်မှု များလုပ်ဆောင်ရှိသဖြင့် ဒေသနေပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဇွန်လ ၂၈ ရက်နေ့က လွိုင်ကော်မြို့ အနောက်မြောက်ဘက်ရှိ စစ်ကောင်စီတပ် မှ ကာကင်းစခန်းအဖြစ် နေရာယူထားသော ဘုရားနီကျေးရွာတွင်လည်း တိုက်ပွဲဖြစ်ခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ – မိုးဗြဲမြို့တိုက်ပွဲအတွင်း သိမ်းဆည်းရရှိသော စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article