26.2 C
Yangon

မလေးရှားနိုင်ငံတွင် ကျင်းပနေသည့် အာရှ-ပစိဖိတ် ဆွေးနွေးပွဲတွင် မြန်မာ့အရေးကို သီးသန့် အစည်းအဝေးတစ်ရပ်ကျင်းပမည်

Must read

ရန်ကုန်၊ ဇွန် ၃၀

မလေးရှားနိုင်ငံတွင် ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၂ ရက်အထိ ကျင်းပမည့် ၃၉ ကြိမ်မြောက် အာရှ-ပစိဖိတ် စားပွဲဝိုင်းဆွေးနွေးပွဲ (39th Asia-Pacific Roundtable – APR) တွင် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို သီးသန့် အစည်းအဝေးတစ်ရပ် ထည့်သွင်းကျင်းပဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှား မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအင်စတီကျု (ISIS Malaysia) ၏ အမှုဆောင်ဥက္ကဋ္ဌ Datuk Prof. Dr. Mohd Faiz Abdullah က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာ့အရေးနှင့်ပတ်သက်သည့် ဆွေးနွေးမှုများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တရားဝင်ရပ်တည်ချက်များအတိုင်းသာ ဖြစ်ခဲ့သဖြင့် အတော်အတန် ငြိမ်သက်ခဲ့ကြောင်း ပြောသည်။

“ဒါကြောင့် ဒီနှစ် APR မှာတော့ ပင်မဆွေးနွေးပွဲတွေမှာသာမက မြန်မာ့အရေးအတွက် သီးသန့် အစည်း အဝေးမှာလည်း အသေးစိတ် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ APR ကို တက်ရောက်လာတဲ့ မူဝါဒရေးရာကျွမ်းကျင်သူတွေ၊ Think Tank အဖွဲ့အစည်းတွေ၊ မြန်မာ့အရေး ကျွမ်းကျင်သူတွေက မြန်မာ့အရေးကို ပိုမိုနက်နက်ရှိုင်းရှိုင်း ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု Mohd Faiz က ပြောကြားသည်။

ယခုနှစ် APR အစည်းအဝေးတွင် မြန်မာ့အရေးအပြင် တောင်တရုတ်ပင်လယ်အရေး၊ အနောက်အာရှဒေသအခြေအနေ၊ အခွန်စည်းကြပ်မှု (Tariffs)၊ စွမ်းအင်ပြတ်လပ်မှုပြဿနာများနှင့် ဉာဏ်ရည်တု (Artificial Intelligence – AI) နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခြေအနေများကိုလည်း အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

Mohd Faiz က APR သည် နှစ်ပေါင်း ၃၉ နှစ်အတွင်း ဆက်လက်ကြီးထွားလာခဲ့ပြီး ယနေ့တိုင် အရေးပါဆဲဖြစ်ကြောင်းကို ပြသနေကြောင်း၊ ပထမဆုံးအကြိမ် ကျင်းပစဉ်က တက်ရောက်သူ ၃၀ မှ ၄၀ ခန့်သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း ပြောသည်။

ယခင်နှစ်များက Interregnum နှင့် Recalibration ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီးနောက် ယခုနှစ် ၃၉ ကြိမ်မြောက် APR ကို “Accelerating Agency and Action” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ပြောင်းလဲနေသည့် ပထဝီနိုင်ငံရေး အခြေအနေများကြားတွင် ဒေသတွင်း ဦးဆောင်မှုနှင့် အပြောင်းအလဲကို တွန်းအားပေးနိုင်မည့် အချက်များကို ဖော်ထုတ်ဆွေးနွေးသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

၃ ရက်ကြာ ကျင်းပမည့် APR သည် ISIS Malaysia ၏ အထင်ကရ နိုင်ငံတကာညီလာခံတစ်ခုဖြစ်ပြီး ဇူလိုင်လ ၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

APR သည် အာရှ-ပစိဖိတ်ဒေသအပေါ် သက်ရောက်မှုရှိသည့် အဓိကကိစ္စရပ်များကို ဆွေးနွေးသည့် အရှေ့တောင်အာရှဒေသ၏ အရေးပါဆုံး Track 2 သံတမန်ရေးရာ ညီလာခံများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း မဟာဗျူဟာနှင့် လုံခြုံရေးဆိုင်ရာ ညီလာခံ ၂၀ အတွင်း ပါဝင်နေကြောင်း သိရသည်။

အဆိုပါညီလာခံကို ISIS Malaysia က ASEAN-ISIS ကိုယ်စား ကျင်းပခြင်းဖြစ်ပြီး ASEAN-ISIS သည် အရှေ့တောင်အာရှရှိ ထိပ်တန်း မူဝါဒသုတေသနအဖွဲ့အစည်းများနှင့် Think Tank များ၏ ကွန်ရက်တစ်ခုဖြစ်သည်။

APR ညီလာခံတွင် နှစ်စဉ် ကမ္ဘာတစ်ဝန်းမှ မူဝါဒရေးရာကျွမ်းကျင်သူနှင့် သုတေသီ ၃၀၀ ကျော် ပါဝင်တက်ရောက်ကာ ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်ရေး၊ ရေရှည်တည်တံ့ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို သက်ရောက်မှုရှိသည့် ကိစ္စရပ်များကို ပွင့်လင်းရိုးသားစွာ ဆွေးနွေးလေ့ရှိပြီး ပိုမိုရှုပ်ထွေးလာသည့် မဟာဗျူဟာပတ်ဝန်းကျင်အတွင်း အစိုးရများနှင့် စီးပွားရေးလုပ်ငန်းများ မည်သို့ ရင်ဆိုင်ဖြေရှင်းသင့်သည်ကို အကြံပြုချက်များ ပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article