ရန်ကုန်၊ ဇူလိုင် ၁
တရုတ်နိုင်ငံဘက်မှ Hawk Eye ဒရုန်းမော်နီတာ အပါအဝင် FPV(First-Person View) ဒရုန်းများကို တော်လှန်ရေးတပ်များက အသုံးပြုနေမှုအပေါ် မြန်မာစစ်တပ်က တရုတ်ဘက်သို့ အကြောင်းကြားလိုက်ပြီး ယင်းပစ္စည်းများကို မြန်မာဘက်သို့ ဝင်ရောက်မှု မရှိစေရေး ထိန်းချုပ်ပေးရန် တောင်းဆိုထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
ဇွန်လ ၂၃ ရက်နေ့ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာသို့ ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်ကူ လာပို့သော အကြမ်းဖက် စစ်တပ် ၏ Mi-17 စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီး ကို တော် လှန်ရေးတပ်ဖွဲ့များက FPV ဒရုန်း ၂ စီးဖြင့် တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါရဟတ်ယာဉ်ကို တိုက်ခိုက်သော ဒရုန်းဗီဒီယိုများကို တော်လှန်ရေးတပ်များက ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါ ဗီဒီယိုထုတ်ပြန်ချက်တွင် FPV ဒရုန်းမောင်းနှင်ရာတွင် အသုံးပြုသော ဒရုန်းမော်နီတာမှာ တရုတ်နိုင်ငံထုတ် Hawk Eye အမျိုးအစားဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာစစ်တပ်က တော်လှန်ရေးတပ်များ အသုံးပြုနေသော ဒရုန်းများတွင် တရုတ်ထုတ် ပစ္စည်းများ ပါဝင်နေသည့်အတွက် တရုတ်နိုင်ငံက ဒရုန်းပစ္စည်းများ ဝင်ရောက်နေမှုအပေါ် ထိန်းချုပ်ပေးရန် တရားဝင် အသိပေးအကြောင်းကြားထားကြောင်း သိရှိရသည်။
” ရဟတ်ယာဉ်ကို FPV ဒရုန်းနဲ့ ဝင်ပစ်တဲ့ဗီဒီယိုထဲမှာ ဒရုန်းမော်နီတာက Hawk Eye အမျိုးအစား ။ အဲဒါက တရုတ်ထုတ်ပါ။ တရုတ်နိုင်ငံထုတ် ဒီလိုပစ္စည်းတွေ ဝင်ရောက်နေတာကို ထိန်းချုပ်ပေးဖို့ အသိ ပေး ကန့်ကွက်တယ်။ ဘယ်လို လမ်းကြောင်းကနေ ဝင်နေလဲ။ အဲဒီပစ္စည်းတွေကို တရုတ်-မြန်မာနယ်စပ်ကို မရောက်ရှိဖို့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ပေးဖို့ တောင်းဆိုထားတယ်” ဟု နေပြည် တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
FPV ဒရုန်းများကို တရုတ်နိုင်ငံဘက်မှ ဝင်ရောက်သော ပစ္စည်းများဖြင့် တည်ဆောက်ပါက ဒရုန်း ၁ စီးလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ ဝန်းကျင်သာ ကျသင့်ပြီး တန်ဖိုးနည်းပြီး ထိရောက်သော ဒရုန်းနှင့် ဆက် စပ်ပစ္စည်းများ တရုတ်-မြန်မာနယ်စပ်နှင့် တော်လှန်ရေးတပ်များထံသို့ ရောက်ရှိမှု မရှိစေရေး တားဆီး ထိန်းချုပ်ပေးရန် အကြမ်းဖက်စစ်တပ်က တရုတ်နိုင်ငံသို့ ဆက်လက် တောင်းဆိုထားသည်။
လက်ရှိတွင် တော်လှန်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များက တရုတ်လုပ် FPV ဒရုန်းများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေမှုအပေါ် မြန်မာစစ်တပ်က အကြီးအကျယ် စိုးရိမ်နေပြီး FPV ဒရုန်းတားဆီးရေးအတွက် နေပြည်တော်တွင် အစည်းအဝေးခေါ်ယူ၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
FPV ဒရုန်းများသည် ဒရုန်းဖြတ်တောက်စက် Jammer များဖြင့် တားဆီးရန်လည်း ခက်ခဲသဖြင့် ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများ ဝင်ရောက်ရာ လမ်း ကြောင်းများကို ပိုထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်တပ်က ကြိုးစားနေကြောင်း သိရှိရသည်။






