ရန်ကုန်၊ ဇူလိုင် ၁
ရခိုင်ပြည်အတွင်း ထိန်းချုပ်နယ်မြေများ၌ အရပ်ဘက်အုပ်ချုပ်ရေးယန္တရားများကို အကောင် အထည်ဖော်နေသည့် အာရက္ခတပ်တော် (AA) က ဒေသတွင်း ဘဏ္ဍာရေးနှင့် ငွေကြေးစနစ်ကို စတင်တည် ဆောက်နိုင်ရန် ရည်ရွယ်ပြီး ကိုယ်ပိုင်ဘဏ်လုပ်ငန်းစနစ် အကောင်အထည်ဖော်ရေးအတွက် ဘဏ်ဝန် ထမ်းများ စတင်ခေါ်ယူလိုက်ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များ၏ ပြောကြားချက်နှင့် AA ၏ အလုပ်ခေါ်စာများအရ သိရှိရသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ လက်အောက်ရှိ အာရက္ခပြည်သူ့ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင်က ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်အရ ဘဏ်လုပ်ငန်းများ ပြန် လည်လည်ပတ်နိုင်ရေးအတွက် ဘဏ်လုပ်ငန်းကျွမ်းကျင်သူ စုစုပေါင်း ၂၆ ဦးကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။
ခေါ်ယူသည့်ရာထူးများတွင် မြို့နယ်တာဝန်ခံ (Township Supervisor) ၃ ဦး၊ လက်ထောက်မြို့နယ်တာ ဝန်ခံ (Assistant Supervisor) ၃ ဦးနှင့် ဈေးကွက်ရေးရာဝန်ထမ်း (Marketing Staff) ၂၀ ဦး ပါဝင်ပြီး၊ ရွေးချယ်ခံရသူများသည် အနည်းဆုံး ၃ နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လျှောက်လွှာများကို ဩဂုတ်လ ၁၁ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် လျှောက်ထားသူများအတွက် QR ငွေပေးချေစနစ်နှင့် Mobile Application စနစ်များကို ကျွမ်း ကျင်စွာ အသုံးပြုနိုင်ရမည်ဟု သတ်မှတ်ထားရာ AA အနေဖြင့် ရိုးရာဘဏ်ဝန်ဆောင်မှုများနှင့်အတူ Mobile Banking နှင့် QR Code အခြေပြု ငွေပေးငွေရှင်းစနစ်များကိုပါ အကောင် အထည်ဖော်ရန် ပြင်ဆင်နေသည်ဟု ယူဆရသည်။
သို့သော် ဘဏ်ကို မည်သည့်မြို့တွင် စတင်ဖွင့်လှစ်မည် သို့မဟုတ် ထိန်းချုပ်နယ်မြေအားလုံးတွင် တစ် ပြိုင်နက် ဖွင့်လှစ်မည်ဆိုသည်ကိုမူ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ ဘဏ်စနစ်များသည် ၂၀၂၃ ခုနှစ်နှောင်းပိုင်းမှစ၍ တိုက်ပွဲများကြောင့် ရပ်ဆိုင်းသွားခဲ့ပြီး၊ ဒေသခံများမှာ K-Pay ကဲ့သို့သော မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကိုသာ အားကိုးအသုံးပြုနေရသည်။
သို့သော် ငွေသားပြတ်လပ်မှုကြောင့် ငွေထုတ်ခများ မြင့်တက်ခြင်း၊ ငွေထုတ်ရန် ခက်ခဲခြင်းနှင့် အေးဂျင့်ဆိုင်များတွင် ငွေသားမလုံလောက်သည့် အခက်အခဲများကို ဆက်လက်ရင်ဆိုင်နေရကြောင်း ရခိုင် ဒေသခံများထံမှ သိရှိရသည်။
အခြားတစ်ဖက်တွင်လည်း ဘဏ်လုပ်ငန်းတစ်ခု အောင်မြင်ရန် လူထု၏ ယုံကြည်မှုနှင့် ငွေကြေးလုံခြုံမှု အာမခံချက်များသည် အရေးကြီးသော်လည်း AA ၏ ဘဏ်စနစ်တွင် အပ်ငွေများအတွက် အာမခံမှု၊ ငွေကြေးခိုင်မာမှုနှင့် လည်ပတ်ပုံဆိုင်ရာ အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။
AA ၏ ယခုခြေလှမ်းသည် ထိန်းချုပ်နယ်မြေများတွင် စစ်ရေးအောင်မြင်မှုများအပြင် အရပ်ဘက်အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနှင့် စီးပွားရေးယန္တရားများကိုပါ တည်ဆောက်၍ ဒေသအုပ်ချုပ်ရေးစနစ်ကို ပိုမိုခိုင်မာအောင် ဆောင်ရွက်လာသည့် လုပ်ဆောင်ချက်အဖြစ် သုံးသပ်နေကြသည်။




