ရန်ကုန်၊ ဇူလိုင် ၁
အကြမ်းဖက် စစ်တပ်၏ “ပုပ်ပွနံစော်နေသော ငြိမ်းချမ်းရေး” မှာ ရက်ပေါင်း ၁၀၀ ကျော်၍ ကမ္ဘာဆယ်သိန်း အသင်္ချေ ကာလပေါင်းများစွာ ကြာမြင့်သွားသည့်တိုင် အောင်မြင်နိုင်စရာ လမ်းမရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး -KNU ဗဟိုအလုပ်အမှုဆောင်နှင့် ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆောင်ရွက်ပြီး လာမည့် ၅ နှစ်အတွင်း နိုင်ငံတော်တွင် ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မည်ဟု ထပ် တလဲလဲ ပြောဆိုနေသော်လည်း စစ်မှန်မှုမရှိ၍ အောင်မြင်နိုင်စရာ မရှိကြောင်း၊ စစ်တပ်က “အစိုးရ” နှင့် “စစ် တပ်” ဟူသော အမည်များကို အသုံးပြု၍ တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းများအဖြစ် ပြော ဆိုနေသော်လည်း လက်တွေ့တွင် ပြည်သူများအပေါ် အကြမ်းဖက်မှုများ၊ လုယက်မှုများ ကျူး လွန်နေသည့် အဖွဲ့အစည်းသာဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။
“ဒီလိုဗျ။ ဒီလူတွေဟာ ‘အစိုးရ’ နဲ့ ‘စစ်တပ်’ ဆိုပြီး စကားကြီးစကားကျယ်တွေနဲ့ မိုးလုံးပြည့် မုသာဝါဒတွေကို နေ့ခင်းကြောင်တောင်၊ ဗြောင်လိမ်ဗြောင်စား၊ မျက်နှာပြောင်တိုက်ပြီး အရှက်တရားကင်းမဲ့စွာ လိမ်ညာဝါဒဖြန့်နေကြပေမယ့်၊ တကယ့်အမှန်တရားကတော့ စကြဝဠာတစ်ခုလုံးအောက်မှာ ရပ် တည်ရှင်သန်နေကြရတဲ့ ဝေနေယျသတ္တဝါအပေါင်းက သူတို့ဟာ တကယ်တမ်း ခိုးဆိုးလုယက်လုပ်ကိုင်နေကြတဲ့ ဓားပြအုပ်စုသာဖြစ်ပြီး၊ မိမိတိုင်းပြည်အပါအဝင် စကြဝဠာတစ်ခုလုံးကို ပျက်စီးအောင် မိုက်ရူးရဲဆန်ဆန်၊ ကမ်းကုန်အောင် မိုက်တွင်းနက်ပြီး မိုက်ကြေးခွဲနေကြတဲ့ ကမ္ဘာ့ရာဇဝတ်ဂိုဏ်းသားတွေထက် မပိုပါဘူး” ဟု ပဒိုစောတောနီးက ပြောသည်။
စစ်တပ်အတွင်း စစ်အာဏာရှင်အယူအဆများကို စစ်တက္ကသိုလ်ကတည်းက သွပ်သွင်းလေ့ကျင့်ပေးထားသည့်အတွက် ယင်းအတွေးအခေါ်နှင့် မူဝါဒများ မပြောင်းလဲသရွေ့ ငြိမ်းချမ်းရေးအကြောင်း ပြောဆိုနေခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ၎င်းက ဆက်လက်သုံးသပ်သည်။
“တကယ်တမ်းကျတော့ဗျာ၊ သူတို့ပြောနေကြတဲ့ ‘အစိုးရ’ နဲ့ ‘စစ်တပ်’ ဆိုတာကို တမင်တကာ လူတွေ နားဝင်ချိုအောင် လုပ်ကြံပြောဆိုနေကြပေမယ့်၊ အားမနာတမ်း ခပ်ရိုင်းရိုင်းသာ ပြောရရင်တော့ သူတို့ဟာ အရပ်ထဲမှာ ကြားနေကျစကားလိုပဲ ‘အတူတူနဲ့ အနူနူ၊ ဒီပုတ်ထဲက ဒီပဲ’ တွေပါပဲ” ဟု ပဒိုစောတောနီးက ဆိုသည်။
အကြမ်းဖက် မြန်မာစစ်တပ်၏ အတွေးအခေါ်၊ စိတ်ဓာတ်နှင့် မူဝါဒများကို ပြောင်းလဲနိုင်ခြင်းမရှိသရွေ့ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိနိုင်မည်မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောကြားသည်။
“ဒီလိုမူဝါဒမျိုး၊ စိတ်ထားမျိုး၊ ဒီလို mindset၊ mentality၊ doctrine တွေနဲ့ သူတို့ရဲ့စစ်ကျောင်းဖြစ်တဲ့ DSA (Defense Services Academy) ထဲကတည်းက မဟုတ်က ဟုတ်က အယူအဆတွေကို သံမှိုနဲ့ရိုက်ထားသလို အသေစွဲအောင် သွတ်သွင်းပြီး brainwash လုပ်ခံထားရတဲ့အတိုင်း မပြောင်းမလဲဘဲ ဆက် လက်ရပ်တည် ပြောဆိုလုပ်ဆောင်နေကြမယ်ဆိုရင်တော့၊ သူတို့ရဲ့ အင်မတန် ပုပ်ပွနံစော်နေတဲ့ ပါးစပ်ပေါက်တွေကနေ ပလုပ်ပလောင်းနဲ့ တဖွဖွပြောနေကြတဲ့ ‘ငြိမ်းချမ်းရေး’ ဆိုတာကြီးကတော့ ရက် ၁၀၀ နဲ့တောင် မပြောနဲ့၊ ကမ္ဘာဆယ်သိန်းမက၊ အသင်္ချေကာလပေါင်း များစွာ ရွေ့လျားသွားသည့်တိုင်အောင် ပြည်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့၊ ပြည်သူတွေ အမှန်တကယ် လိုလားတဲ့၊ စစ်မှန်ပြီး ရေ ရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို ဘယ်နည်းနဲ့မှ၊ ဘယ်သောအခါမှ ဆောင်ကြဉ်းပေးနိုင်မှာ မဟုတ်ပါဘူး” ဟု ပဒိုစောတောနီးက ပြောဆိုသည်။
ပဒိုစောတောနီးက စစ်တပ်အနေဖြင့် လက်ရှိကျင့်သုံးနေသည့် အကြမ်းဖက်မှုအခြေပြု နိုင်ငံရေးနှင့် စစ်ရေးမူဝါဒများ၊ စစ်အာဏာရှင်အတွေးအခေါ်များကို မစွန့်လွှတ်သရွေ့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည်မဟုတ်ဘဲ ပြည်သူများ၏ ယုံကြည်မှုကိုလည်း ရရှိနိုင်မည်မဟုတ်ကြောင်း သတိပေးပြောဆိုသည်။
KNU သည် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF တွင် ဦးဆောင်ပါဝင်နေသော တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖြစ်ပြီး မြေပြင်တွင် PDF များ အပါအဝင် မဟာမိတ်တော်လှန်ရေးတပ်များနှင့်အတူ စစ်အာဏာရှင် အမြစ်ဖြတ်ရေးနှင့် အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ချေမှုန်းလျက်ရှိကြောင်း KNU က တရားဝင် ထုတ်ပြန်ကြေညာထားသည်။




