ရန်ကုန်၊ ဇူလိုင် ၄
ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၄ ဆောက်လုပ်ရေးအင်ဂျင် နီယာတပ်မှ ယာယီတပ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောမှာ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အိမွန်ဆွေ နှင့် ယောက္ခထီးဖြစ်သူ ဦးစောအောင် တို့အပါအဝင် မိသား စုဝင်များ၏ အမည်များကို အသုံးပြု၍ ပုဂ္ဂလိကဘဏ်ကြီး ၃ ခုတွင် ဘဏ်အကောင့် ၂၁ ခုထက်မနည်း ဖွင့်လှစ်ကာ ငွေကျပ် သိန်းပေါင်း ၃ သိန်း ၆ သောင်းကျော် အသွင်းအထုတ်ပြုလုပ်၍ အကျင့်ပျက်ခြစားလျက်ရှိကြောင်း တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနက ရရှိထားသော ဘဏ်ငွေစာရင်းအထောက်အထားများအရ သိရှိရသည်။
အမှတ် ၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်၏ ယာယီတပ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ ၉ နှစ်နီးပါးကာလအတွင်း ၎င်းကိုယ်တိုင်သော်လည်းကောင်း၊ ဇနီး ဒေါ်အိမွန်ဆွေ၊ ယောက္ခထီး ဦးစောအောင် အပါအဝင် မိသားစုဝင်များ၏ အမည်များကို အသုံးပြုကာ ကမ္ဘောဇဘဏ် (KBZ)၊ မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့တွင် ဘဏ်အကောင့်များ ဖွင့်လှစ်အသုံးပြုခဲ့ပြီး ငွေကြေးအမြောက်အမြားကို အသွင်းအထုတ် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။
ဘဏ်စာရင်းများအရ ၉ နှစ်တာကာလအတွင်း အဆိုပါအကောင့်များသို့ စုစုပေါင်း ငွေအဝင် (Deposit) ငွေကျပ် သိန်းပေါင်း ၃ သိန်း ၆ သောင်း ၆ ထောင်ကျော် (၃၆,၆၂၂,၃၈၇,၄၆၃.၉၁ ကျပ်) ဝင်ရောက်ခဲ့ပြီး၊ ပြန်လည်ထုတ်ယူမှု (Withdrawal) မှာ ငွေကျပ် သိန်းပေါင်း ၃ သိန်း ၄ သောင်း ၆ ထောင် ၇ ရာကျော် (၃၄,၆၇၂,၃၅၉,၄၃၁.၄၀ ကျပ်) ကို ပြန်လည်ထုတ်ယူခဲ့ကြောင်း သိရှိရသည်။
ယင်းဘဏ်အကောင့်များအနက် မြန်မာ့ရှေ့ဆောင်ဘဏ် (MAB) ရှိ အကောင့်တစ်ခုမှာ ငွေကျပ် သိန်းတစ်သောင်းကျော်စီကို အကြိမ်ကြိမ် အသွင်းအထုတ်လုပ်ထားသည့် အဓိကအကောင့်ဖြစ်ပြီး၊ ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွင်း ပထမပုဂ္ဂလိကဘဏ် (FPB) ရှိ အကောင့်များကိုလည်း အဓိကအသုံးပြုခဲ့ကြောင်း သိရသည်။
ထို့အပြင် တစ်ကြိမ်လျှင် ငွေကျပ် သိန်း ၁ သောင်းမှ သိန်း ၂ သောင်းအထိ ပမာဏကြီးမားသော ငွေလွှဲပြောင်းမှုများကို ဇနီးဖြစ်သူ ဒေါ်အိမွန်ဆွေ နှင့် ယောက္ခထီး ဦးစောအောင် တို့၏ အမည်ဖြင့် ဖွင့်လှစ်ထားသော ဘဏ်အကောင့်များအကြား အပြန်အလှန် လွှဲပြောင်းအသုံးပြုထားသည်ကိုလည်း ဘဏ်စာရင်းများတွင် တွေ့ရှိရသည်။
စစ်တပ်အတွင်း သတင်းရင်းမြစ်များအဆိုအရ ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောသည် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်မှ ယာယီတပ်မှူးအဖြစ် တာဝန်ထမ်းဆောင်သူဖြစ်သဖြင့် ရန်ကုန်တိုင်းစစ်ဌာန ချုပ်နယ်မြေအတွင်းရှိ စစ်တပ်ပိုင် အဆောက်အအုံများ၊ အရာရှိရိပ်သာများ၊ လမ်းတံတားများနှင့် စစ်ဘက်ဆောက်လုပ်ရေး စီမံကိန်းများကို တိုက်ရိုက်ကိုင်တွယ်စီမံခွင့်ရရှိထားသူဖြစ်သည်။
ထို့ကြောင့် တင်ဒါလုပ်ငန်းများ၊ ကန်ထရိုက်တာများထံမှ ရာခိုင်နှုန်း (Percentage) တောင်းခံမှုများ၊ ပစ္စည်းအဝယ်စာရင်းများနှင့် အဂတိလိုက်စားမှုများမှတစ်ဆင့် ယခုကဲ့သို့ ငွေကြေးများ ဝင်ရောက်လာခြင်းဖြစ်သည်။
ထို့ပြင် စစ်တပ်ပိုင်မြေများ၊ မြေနေရာချထားရေးနှင့် ဆောက်လုပ်ရေးစီမံကိန်းများတွင် ပါဝင်ပတ်သက်မှုများမှ ရရှိသည့် ငွေကြေးများကိုလည်း မိသားစုဝင်များ၏ အမည်ဖြင့် ဖွင့်လှစ်ထားသော ဘဏ်အကောင့်များမှတစ်ဆင့် လှည့်လည်အသုံးပြုခဲ့ကြောင်း သိရှိရသည်။
အထူးသဖြင့် ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်များအတွင်း ငွေအဝင်အထွက် ပမာဏများ သိသိသာသာ မြင့်တက်လာခြင်းမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းများ၊ သွင်းကုန်လိုင်စင်များ၊ စစ်တပ်အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရေးနှင့် ဆက်စပ်သော ငွေကြေးစီးဆင်းမှုများ ပိုမိုများပြားလာခြင်းကို ထင်ဟပ်စေကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။
ထို့အပြင် စစ်တပ်အရာရှိတစ်ဦး၏ အမည်ဖြင့်သာ ဘဏ်စာရင်းများ ထားရှိပါက စစ်ဆေးခံရနိုင်သဖြင့် ဇနီးဖြစ်သူ ဒေါ်အိမွန်ဆွေ နှင့် ယောက္ခထီး ဦးစောအောင် တို့၏ အမည်များကို အသုံးပြု၍ ဘဏ်အကောင့် ၂၁ ခုထက်မနည်း ဖွင့်လှစ်ကာ ဘဏ်တစ်ခုမှတစ်ခု၊ အကောင့်တစ်ခုမှတစ်ခုသို့ ငွေလွှဲပြောင်းမှုများ ပြုလုပ်ခြင်းဖြင့် ငွေကြေးခဝါချနေခြင်းဖြစ်သည်။
ယခုပေါက်ကြားလာသော ဘဏ်စာရင်းအထောက်အထားများသည် မြန်မာစစ်တပ်အတွင်း အရာရှိကြီးငယ်များအနေဖြင့် တိုင်းပြည်စီးပွားရေး ပျက်စီးနေချိန်တွင် ၎င်းတို့၏ ရာထူးအာဏာကို အလွဲသုံးစားလုပ်ကာ ဘီလီယံနှင့်ချီ၍ ကိုယ်ကျိုးရှာ အကျင့်ပျက်ခြစားမှု အလွန်ကြီးမားစွာ ဖြစ်ပွားနေကြောင်းကို ပေါ်လွင်စေကြောင်း သုံးသပ်ပြောဆိုကြသည်။




