ရန်ကုန်၊ ဇူလိုင် ၄
ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်ပိုင် သီဟထွဋ်နှင့် ဆေးရုံအုပ် သိုက်ထွေးတို့က လူမိုက်များကို လက်ပါးစေအဖြစ် အသုံးချကာ သက်ကြီးရွယ်အို နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးအကျဉ်းသူများနှင့် ကိုယ်ဝန်ဆောင်အကျဉ်းသူများအပါအဝင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများကို စနစ်တကျ ဖိနှိပ်ညှဉ်းပန်းနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ် ပြန်ကြေညာပြီး ယင်းလုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်။
ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်ပိုင် သီဟထွဋ်နှင့် ဆေးရုံအုပ် သိုက်ထွေးတို့၏ စီစဉ်ညွှန်ကြားမှုဖြင့် ကျန်းမာရေးချို့တဲ့နေသော သက်ကြီးနိုင်ငံရေးအကျဉ်းသားများနှင့် နိုင်ငံရေးအကျဉ်းသူများကို ထောင်တွင်းလက်ပါးစေများ၊ တန်းစီးလူမိုက်များမှတစ်ဆင့် ဖိနှိပ်ညှဉ်းပန်းမှုများ လုပ်ဆောင်နေပြီး ယင်းလုပ် ရပ်များသည် The Nelson Mandela Rules အပါအဝင် နိုင်ငံတကာ အကျဉ်းသားအခွင့်အရေးစံနှုန်းများကို ချိုးဖောက်နေခြင်းဖြစ်ကြောင်း PPNM ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
PPNM ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ထောင်အာဏာပိုင်များသည် လူမိုက်များကို အသုံးချခြင်းဖြင့် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိအားပေးခြင်းနှင့် စည်းလုံးမှုကို ဖြိုခွဲရန် ကြိုးပမ်းနေကြောင်း ပြောသည်။
“ဆေးရုံအုပ် သိုက်ထွေးက ကြည့်မြင်တိုင် ငါးဈေးမှာ လူမိုက်အနေနဲ့ ကျင်လည်ခဲ့ဖူးတဲ့ နိုင်ဖြိုးဝေ (ခ) နိုင်ကြီးကို လက်ပါးစေ၊ လက်ကိုင်တုတ်အဖြစ် အသုံးချနေတာပါ။ အကျဉ်းထောင်တွေမှာ လူမိုက်တွေကို အသုံးချပြီး အခြားအကျဉ်းသားတွေအပေါ် နှိပ်ကွပ်ခိုင်းတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ထောင်အာဏာပိုင်တွေက ကိုယ်တိုင်တာဝန်ခံစရာမလိုတော့ဘဲ အကျဉ်းသားအချင်းချင်းဖြစ်တဲ့ ပဋိပက္ခအဖြစ် ဖုံးကွယ်ထားနိုင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စည်းလုံးမှုကို ဖြိုခွဲဖို့၊ ကြောက်ရွံ့စိတ်နဲ့ ထိန်းချုပ်ဖို့ ဒီလူမိုက်တွေကို အသုံးချနေတာဖြစ်တယ်” ဟု မရောင်နီလင်းက ပြောကြားသည်။
PPNM ၏ အဆိုအရ ထောင်ပိုင် သီဟထွဋ်သည် အသက် ၆၀ ဝန်းကျင်ရှိ သက်ကြီးနိုင်ငံရေးအကျဉ်း သားများကို ဆေးရုံဆောင်တွင် ထားရှိသော်လည်း သန့်ရှင်းရေးလုပ်ငန်းများ၊ စိုက်ခင်းလုပ်ငန်းများအပြင် အကျဉ်းဦးစီးဌာနပိုင် လယ်ယာများတွင် ကောက်စိုက်ခြင်းကဲ့သို့ အလုပ်ကြမ်းများကို အတင်း အကျပ် စေခိုင်းနေကြောင်း သိရသည်။
ထို့ပြင် “တန်းစီး” တာဝန်ယူထားသူ နိုင်ငံရေးအကျဉ်းသား မင်းမင်းနိုင်သည်လည်း ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုယန္တရားတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း PPNM က ဆိုသည်။
ဆေးရုံအုပ် သိုက်ထွေးသည် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် ငါးဈေးတစ်ဝိုက်တွင် လူမိုက်အဖြစ် ကျင် လည်ခဲ့ဖူးပြီး ရာဇဝတ်ဂိုဏ်းနောက်ခံရှိသူ အကျဉ်းသား နိုင်ဖြိုးဝေ (ခ) နိုင်ကြီးကို ထောင်တွင်းလက် ပါးစေအဖြစ် အသုံးပြုကာ သက်ကြီးနိုင်ငံရေးအကျဉ်းသားများကို အလုပ်ကြမ်းစေခိုင်းခြင်း၊ မတရားတောင်းဆိုခြင်းနှင့် မလိုက်နာပါက အလုပ်ကြမ်းများဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ဖြိုးဝေ (ခ) နိုင်ကြီးသည် ယခင်ကလည်း ဒိုက်ဦးအကျဉ်းထောင် အမျိုးသမီးဆောင်ရှိ နိုင်ငံရေးအကျဉ်းသူများအား ဝင်ရောက်ရိုက်နှက်ခဲ့ရာတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း PPNM က ဆိုသည်။
ဆေးရုံအုပ် သိုက်ထွေးသည် နိုင်ငံရေးအကျဉ်းသားနှင့် အကျဉ်းသူများအား ရောဂါနှင့်ကိုက်ညီသော ဆေးဝါးများကို လုံလောက်စွာ မကုသပေးခြင်း၊ ဆေးပတ်မပြည့်မီ ရပ်နားခြင်း၊ ကိုယ်ဝန်ဆောင်အကျဉ်း သူများကို ဆေးရုံတွင် မွေးဖွားခွင့်မပြုဘဲ တိုက်ခန်းများအတွင်း မွေးဖွားစေခြင်းနှင့် ထောင်ဝင်စာမှ ပေးပို့သော ဆေးဝါးများကို အလွဲသုံးစားလုပ်ခြင်းများလည်း ပြုလုပ်နေကြောင်း သိရှိရသည်။
PPNM က ယခုကဲ့သို့ ဖိနှိပ်မှုသတင်းများ ပြင်ပသို့ ပေါက်ကြားသွားပြီးနောက် ဒိုက်ဦးအကျဉ်းထောင်အတွင်း ရှာဖွေစစ်ဆေးမှုများကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက်နေပြီး ယင်းလုပ်ရပ်များမှာ ထောင်တွင်းဖြစ်ပျက်နေသည့် အခြေအနေများကို ဖုံးကွယ်ရန်နှင့် ဖိနှိပ်ခံ နိုင်ငံရေးအကျဉ်းသား/သူများကို ထပ်မံခြိမ်းခြောက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကျဉ်းထောင်များတွင် အကျဉ်းဦးစီးဌာနနှင့် ဌာနပေါင်းစုံက စစ်ဆေးမှုများ လုပ်ဆောင်နေစဉ်။ (ပုံအဟောင်းကိုအသုံးပြုထားပါသည်။)




