ရန်ကုန်၊ ဇူလိုင် ၄
ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့ခ် (Tak) ခရိုင်၊ ဖုတ်ဖရ (Phop Phra) မြို့နယ် ပြောင်းခင်းတစ်ခုအတွင်းသို့ မြန်မာနိုင်ငံမှ အသေခံ ကာမီကာဇီဒရုန်းတစ်စီး ကျရောက်ပေါက်ကွဲသဖြင့် ထိုင်းစစ်တပ်က နယ်မြေပိတ်ဆို့စစ်ဆေးပြီး နယ်စပ်လုံခြုံရေး တိုးမြှင့်ထားကြောင်း ထိုင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့ ဇူလိုင်လ ၄ ရက် နံနက်ပိုင်း မြန်မာနိုင်ငံဘက်မှ ပျံသန်းလာသော ကာမီကာဇီတိုက်ခိုက်ရေးဒရုန်း (Kamikaze Drone) တစ်စီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ဖြစ်စဉ်ဖြစ်ပွားရာနေရာကို ချက်ချင်းပိတ်ဆို့စစ်ဆေးပြီး နယ်စပ်လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ယနေ့ ဇူလိုင်လ ၄ ရက် နံနက် ၇ နာရီခန့်အချိန် ဖုတ်ဖရမြို့နယ်၊ ဝါလေး (Wale) ကျေးရွာအုပ်စု၊ ဝါလေးတောင်ပိုင်းကျေးရွာ အမှတ် ၂ ရှိ ပြောင်းခင်းတစ်ခုအတွင်းသို့ မြန်မာနိုင်ငံမှ အသေခံတိုက်ခိုက်ရေးဒရုန်းတစ်စီး ကျရောက်ခဲ့ကြောင်း သတင်းရရှိသဖြင့် ဒေသအာဏာပိုင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာသည် ထိုင်း-မြန်မာနယ်စပ်မျဉ်းမှ မီတာ ၂၀၀ ခန့်သာ ဝေးကွာပြီး ကနဦးစစ်ဆေးမှုများအရ ဒရုန်းတွင်တပ်ဆင်ထားသော ဖောက်ခွဲရေးပစ္စည်းမှာ ပေါက်ကွဲပြီးဖြစ် ကြောင်း၊ လူထိခိုက်ဒဏ်ရာရရှိမှု သို့မဟုတ် သေဆုံးမှုမရှိကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။
ဒရုန်း ကျရောက်လာချိန် ထိုင်းစစ်တပ်၏ ညွှန်ကြားချက်ဖြင့် အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်းစစ်တပ်၊ ရဲတပ် ဖွဲ့၊ မိုင်းရှင်းလင်းရေးအဖွဲ့ (EOD) နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဖြစ်စဉ်နေရာကို ပိတ်ဆို့ကာ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နယ်စပ်ဒေသနေ ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် ပစ္စည်းများ သို့မဟုတ် စစ်လက်နက် ပစ္စည်းများ တွေ့ရှိပါက ကိုင်တွယ်ခြင်းမပြုဘဲ သက်ဆိုင်ရာအာဏာပိုင်များထံ ချက်ချင်းအကြောင်း ကြားရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
“ဖြစ်စဉ်ဖြစ်ပွားရာနေရာကို ပိတ်ဆို့စစ်ဆေးနေပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက လုပ်ထုံး လုပ် နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်နေပါတယ်။ နယ်စပ်တစ်လျှောက် ကင်းလှည့်အင်အားကိုလည်း တိုးမြှင့်ချထားပြီး ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်နေပါတယ်” ဟု တာ့ခ်ပြည်နယ် အာဏာပိုင်များက ထုတ်ပြန်ထားသည်။
လက်ရှိတွင် ထိုင်းစစ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးကင်းလှည့်မှုများကို တိုးမြှင့်ထားပြီး ဒရုန်း၏ မူလရင်းမြစ်နှင့် ကျရောက်လာသည့် အကြောင်းအရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။






