25.4 C
Yangon

မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ၊ လောင်းလုံးတွင်လည်း စစ်တပ်က တောတောင်များအတွင်း စစ်ကြောင်းထိုးနေ

Must read

ရန်ကုန်၊ ဇူလိုင် ၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ နံနက်ပိုင်းတွင် မြိတ်-ထားဝယ် လမ်းပိုင်းရှိ ကျွဲဇပ်ရွာအနီး၌ စစ်တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သားများ ထိခိုက်မှုရှိကြောင်း၊ ထိုသို့ မိုင်းပေါက်ကွဲပြီးနောက် မြိတ်-ထားဝယ် လမ်းပိုင်းတွင် ကားအသွားအလာများ မရှိတော့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် စစ်တပ်က မြိတ်-ထားဝယ် လမ်းပိုင်းကို စိုးမိုးမှုရရှိရေးအတွက် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားတာတော့ မရှိပါဘူး။ စစ်တပ်က မြိတ်-ထားဝယ် လမ်းပိုင်းကို စိုးမိုးမှုရရှိအောင် စစ်ကြောင်းထိုးနေတာ။ အဲဒါ မနက်က သူတို့ စစ်ကြောင်းထွက်လာတုန်း ကျွဲဇပ်ရွာအနီးမှာ မိုင်းထိတာ။ လမ်းပိုင်းပိတ်ထားတာလည်း မရှိပါဘူး။ ပြည်သူတွေက စစ်တပ်ရှိနေတော့ မသွားတာပဲ ရှိပါတယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင်လည်း စစ်တပ်က တောတောင်များအတွင်း စစ်ကြောင်းထိုးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ရိက္ခာနှင့် လူအင်အားများ ထပ်မံဖြည့်တင်းထားသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် စစ်ပြဲကျေးရွာအတွင်းသို့ သေနတ်များ ပစ်ဖောက်ကာ ထပ်မံစစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ပြဲရွာမှ ပြန်လည်ဆုတ်ခွာသွားပြီး တောတောင်များအတွင်း ဝင်ရောက်သွားကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်ထိ စစ်တပ်စစ်ကြောင်းကြောင့် စစ်ပြဲရွာနှင့် ညင်းမော်ရွာမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“စစ်တပ်စစ်ကြောင်းက စစ်ပြဲရွာထဲမှာ မရှိတော့ဘူး။ တိုက်ပွဲဖြစ်ပွားပြီးတော့ တောတောင်တွေဘက်ကို ပြန်ဆုတ်သွားတာ။ အခုထိ တောတောင်တွေထဲမှာ ရှိသေးတယ်။ အဲဒီကောင်တွေက မြို့ထဲကို ပြန်မဆုတ်ဘူး။ တောထဲမှာ စစ်ကြောင်းထိုးနေတာ။ ပြည်သူတွေကတော့ တောတောင်တွေထဲကို မဝင်ရဲကြဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထိုစစ်ကြောင်းသည် မေလပိုင်းကလည်း လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ပြဲရွာ၊ ညင်းမော်ရွာ၊ ဂေါ့အင်းရွာ၊ ‌အောက်ရေဖြူရွာ၊ ကဒက်ကြီးရွာ စသည့် ကျေးရွာများကို စစ်ကြောင်းထိုးခဲ့ပြီး ကဒတ်ကြီးရွာမှ ပြည်သူပိုင်နေအိမ် ၆ လုံးနှင့် စစ်ပြဲရွာမှ ပြည်သူပိုင်နေအိမ် ၉ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article