ရန်ကုန်၊ ဇူလိုင် ၄
အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးဖြစ်သူ ကျော်နေဝင်းနှင့် ဇွဲနေဝင်းတို့ က AYA ဘဏ်၏ ကားဝယ်ယူရေး ချေးငွေစနစ်ဖြင့် Range Rover Sport ဇိမ်ခံကား ၇ စီးကို ဝယ်ယူအသုံးပြုခဲ့ပြီး ကားဝယ်ယူမှုအတွက် ပေးဆပ်ရမည့် အတိုးနှင့်အရင်းငွေကျပ် ၅ ဘီလီယံကျော်ကို ယနေ့အထိ ပြန်လည်ပေးဆပ်ခြင်းမရှိသည့်အပြင် ကားများကိုလည်း လိုင်စင်သက်တမ်းမတိုးဘဲ ဆက်လက်စီးနင်းနေကြောင်း စုံစမ်းသိရှိရသည်။
ရရှိထားသော အချက်အလက်များအရ ဇွဲနေဝင်းနှင့် ကျော်နေဝင်း လက်ရှိစီးနင်းနေသည့် 7H-9922 နှင့် 9I-9922 အပါအဝင် Range Rover Sport ဇိမ်ခံကားများကို Land Rover–Capital Group ထံမှ AYA ဘဏ်၏ ချေးငွေအကြွေးစနစ်ဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး ကား ၇ စီးအတွက် အတိုးနှင့်အရင်းပေါင်း ငွေကျပ် ၅ ဘီလီယံကျော် ပေးဆပ်ရန် ကျန်ရှိနေကြောင်း သိရသည်။
အဆိုပါချေးငွေနှင့်ပတ်သက်၍ AYA ဘဏ်က ကျော်နေဝင်း၊ ဇွဲနေဝင်းနှင့် Omni Focus ကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်တရားရုံးတွင် Omni Focus ဘက်က အမှုရှုံးနိမ့်ခဲ့ကြောင်း၊ ယင်းနောက် အထက်တရားရုံးများသို့ အယူခံဝင်ရောက်ခဲ့သော်လည်း အယူခံများကိုလည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ Omni Focus ဘက်မှ တင်သွင်းထားသော ပြင်ဆင်မှုအမှတ် ၃၀၁၊ ၃၁၂၊ ၃၁၃၊ ၃၁၄ နှင့် ၃၁၅ အမှုများကိုလည်း တရားရုံးက ပယ်ချခဲ့သဖြင့် AYA ဘဏ်ဘက်မှ အနိုင်ရရှိခဲ့ပြီး အကြွေးပြန်လည်ပေးဆပ်ရန် တရားရုံး၏ အဆုံးအဖြတ် ထွက်ရှိထားကြောင်း သိရသည်။
သို့သော် တရားရုံးအဆင့်ဆင့်တွင် အမှုရှုံးနိမ့်ပြီး အကြွေးပြန်လည်ပေးဆပ်ရန် အမိန့်ချမှတ်ခံထားရသော်လည်း ကျော်နေဝင်းက ယနေ့အထိ ဇိမ်ခံကား ၇ စီးအတွက် ငွေကျပ် ၅ ဘီလီယံကျော်ကို ပြန်လည်ပေးဆပ်ခြင်းမရှိဘဲ Range Rover Sport ဇိမ်ခံကားများကို လိုင်စင်မဲ့ ဆက်လက်အသုံးပြုနေကြောင်း သိရှိရသည်။
စုံစမ်းသိရှိရသည့် အချက်အလက်များအရ အဆိုပါကား ၇ စီးသည် ယာဉ်လိုင်စင်သက်တမ်း တိုးမြှင့်ထားခြင်းမရှိသည်မှာ ၇ နှစ်ကျော်ရှိနေပြီဖြစ်ပြီး လိုင်စင်သက်တမ်းကုန်ဆုံးနေသည့် ယာဉ်များကို ယခင်ယာဉ်နံပါတ်များဖြင့် အများပြည်သူအသုံးပြုသည့် လမ်းများပေါ်တွင် ဆက်လက်စီးနင်းနေကြောင်း သိရသည်။
ထိုသို့ လိုင်စင်သက်တမ်းကုန်ဆုံးနေသည့် ယာဉ်များကို ဥပဒေအရ ဖမ်းဆီးအရေးယူရမည်ဖြစ်သော်လည်း ကျော်နေဝင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သော ဆက်ဆံရေးများကို အကာအကွယ်ယူထားသဖြင့် သက်ဆိုင်ရာဌာနများက အာဏာရှင် နေဝင်းမြေးများ စီးနင်းသော လိုင်စင်မဲ့ကားများကို ဖမ်းဆီး အရေးယူဆောင်ရွက်ယူမှု မပြုရဲကြကြောင်း သိရှိရသည်။
အာဏာရှင်ဟောင်း နေဝင်း၏မြေးဖြစ်သူ ကျော်နေဝင်း ပိုင်ဆိုင်သည့် Omni Focus ကုမ္ပဏီအုပ်စုက ဧရာဝတီဘဏ် (AYA Bank) ထံမှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၅၀ ဖြင့် YBS ယာဉ်စီးရေ ၅၀၀ ဝယ်ယူခဲ့ပြီး ယင်းငွေကြေးများကို ပြန်လည်ပေးဆပ်ခြင်းမရှိကြောင်း၊ လက်ရှိအချိန်အထိ တရားရုံးတွင် အမှုရှုံးနိမ့်နေသော်လည်း ငွေမဆပ်ဘဲ မျက်နှာပြောင်တိုက်နေထိုင်ကြကြောင်း သိရှိရသည်။




