ရန်ကုန်၊ ဇူလိုင် ၄
ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင်တွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၃ ဦးနှင့် တာ့ခ်ခရိုင်တွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဝပ်ပါမစ်) အတုများဖြင့် ခိုးဝင်လာသည့် မြန်မာလုပ်သား ၁၅ ဦး၊ စုစုပေါင်း ၃၈ ဦး ဖမ်းဆီးခံရပြီး ရနောင်းခရိုင်တွင်လည်း ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား ၉၅ ဦးကို မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။
ဇူလိုင်လ ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် အယုဒ္ဓယခရိုင်၊ ဥထိုင်းမြို့နယ်ရှိ ရိုဂျနာစက်မှုဇုန်အတွင်း တရားမဝင် နိုင်ငံခြားသားလုပ်သားများ လုပ်ကိုင်နေကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ဥထိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်ဖြင့် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးများ ဦးဆောင်သည့် အထူးစစ်ဆင်ရေးတပ်ဖွဲ့နှင့် ပြည်သူ့စစ်စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်းခဲ့သည်။
အဆိုပါအဖွဲ့သည် နောင်နမ်ဆွန်ကျေးရွာအုပ်စုရှိ ရိုဂျနာစက်မှုဇုန် အပိုင်း ၁၁ အတွင်း တည်ဆောက်ဆဲ ထီရာဟော့ပ် စက်ရုံဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံအတွင်း တရားဝင်ဝင်ရောက်နေထိုင်ခွင့် အထောက်အထားနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဝပ်ပါမစ်) တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၃ ဦး နှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၂၃ ဦးကို ဖမ်းဆီးရမိခဲ့သည်။
လက်ရှိအချိန်တွင် အာဏာပိုင်များက ဖမ်းဆီးရမိသည့် မြန်မာလုပ်သား ၂၃ ဦးလုံးကို ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် စွဲချက်တင်ကာ ဥပဒေအရ အရေးယူနိုင်ရန် ဥထိုင်းမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းထိန်းသိမ်းထားသည်။
အလားတူ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ဝပ်ပါမစ်စာရွက်အတုများဖြင့် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၅ ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသား ပွဲစား ၂ ဦးတို့ကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ဇူလိုင်လ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့သည် မဲဆောက်မြို့နယ်၊ ဖဝေါကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမကြီးအမှတ် ၁၂ ပေါ်တွင် တရားမဝင် မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့် အဖြူရောင် တိုယိုတာ ဗန်ကား ၁ စီးကို တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်သည်။ စစ်ဆေးစဉ် ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာလုပ်သားများသည် တရားဝင်ဖြစ်ကြောင်း သက်သေပြရန် QR Code ပါရှိသည့် ဝပ်ပါမစ်စာရွက် ၁၅ စုံကို ထုတ်ပြခဲ့သော်လည်း အာဏာပိုင်များက စကင်ဖတ်စစ်ဆေးရာ ထိုင်းအလုပ်အကိုင်ခန့်ထားရေးဦးစီးဌာန၏ တရားဝင်ဝက်ဘ်ဆိုက်သို့ ချိတ်ဆက်ခြင်းမရှိဘဲ လိမ်လည်ဖန်တီးထားသည့် ဝက်ဘ်ဆိုက်လင့်ခ်အတုတစ်ခုသို့ ချိတ်ဆက်သွားသဖြင့် စာရွက်စာတမ်းအတုများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ လမ်းခရီးတွင် ရဲစစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းနိုင်ရန် ပွဲစားများက အဆိုပါ ဝပ်ပါမစ်စာရွက်အတုများကို ပြုလုပ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဖမ်းဆီးခံရသော ထိုင်းနိုင်ငံသား ၂ ဦးကို တရားမဝင် နိုင်ငံခြားသားများအား ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် ကူညီဝှက်ထားပေးမှု၊ အစိုးရစာရွက်စာတမ်းအတုများ အသုံးပြုမှုတို့ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံသား ၁၅ ဦးကို ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့်လည်းကောင်း အမှုဖွင့်ကာ ဥပဒေအရ အရေးယူနိုင်ရန် ဖဝေါမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းထိန်းသိမ်းထားသည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား အကျဉ်းသား ၉၅ ဦးကို ရနောင်း-ကော့သောင်း လမ်းကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီကျော်တွင် ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ရနောင်းခရိုင်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိနှင့် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်လည်ပို့ဆောင်ရေးကော်မတီရှိ သက်ဆိုင်ရာ ဌာနဆိုင်ရာ ၉ ခုတို့ ပူးပေါင်းကာ ရနောင်းအကောက်ခွန်ဆိပ်ကမ်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ နေရပ်ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသား ၉၅ ဦးတွင် အမျိုးသား ၇၉ ဦးနှင့် အမျိုးသမီး ၁၆ ဦး ပါဝင်ပြီး၊ ၎င်းတို့ကို ရနောင်း – ကော့သောင်း ရေလမ်းကြောင်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။






