ရန်ကုန်၊ ဇူလိုင် ၇
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့တွင် ရဲသတင်းတပ်ဖွဲ့ တာဝန်ခံ တပ်ကြပ် ကြီး သန်းကျော်ဆိုသူက ရဲအရာရှိတစ်ဦးအဖြစ် အယောင်ဆောင်ကာ ဆီဘောက်ဆာယာဉ်မောင်းများထံမှ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်နေသည့်အပြင် နိုင်ငံရေးသမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များကိုလည်း စောင့်ကြည့်၍ ငွေညှစ်ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဇွန်လ ၂၅ ရက်နေ့တွင် တောင်လေးလုံးကျေးရွာရှိ ရွှေတံခါးဆီဆိုင်အနီး စားသောက်ဆိုင်၌ ထမင်းစားနေသည့် ဆီဘောက်ဆာယာဉ်မောင်းတစ်ဦးနှင့် ယာဉ်အကူတစ်ဦးကို တပ်ကြပ်ကြီး သန်းကျော်က ၎င်း၏ သတင်းပေး (အင်ဖော်မာ) ၂ ဦးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆီဘောက်ဆာယာဉ်ကိုလည်း ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ရွှေညောင်ကားကြီးဝင်းအတွင်းသို့ ခေါ်ဆောင်သွားကာ မိမိကိုယ်ကို ရဲစခန်းမှူးအဆင့် အရာရှိတစ်ဦးဖြစ်သကဲ့သို့ ပြောဆိုခဲ့ပြီး ယာဉ်မောင်းများ၏ မိုဘိုင်းဖုန်းများ၊ ကားသော့များကို သိမ်းယူကာ တစ်ညတာ ထိန်းသိမ်းထားခဲ့ကြောင်း ယာဉ်မောင်းများက ပြောသည်။
ကားသမားတစ်ဦးက ၎င်းတို့အနေဖြင့် ရဲတပ်ဖွဲ့နှင့် အတွေ့အကြုံရှိသူများဖြစ်သော်လည်း သန်းကျော်က စခန်းမှူးဖြစ်ကြောင်း ပြောဆိုခဲ့သဖြင့် ယုံကြည်မိခဲ့ကြောင်း၊ အမှန်တကယ် စခန်းမှူးအဆင့် အရာရှိတစ်ဦးဆိုလျှင် အရပ်ဝတ်ဖြင့် တစ်ဦးတည်း လာရောက်ဖမ်းဆီးမည်ဟု မထင်ခဲ့ကြောင်း ပြောဆိုသည်။
ထို့နောက် တစ်ညခန့် ထိန်းသိမ်းခံခဲ့ရပြီးမှ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းလည်း သိရသည်။
ရဲတပ်ကြပ်ကြီး သန်းကျော်သည် ရပ်စောက်မြို့နယ်ဘက်မှ ရွှေညောင်ဘက်သို့ သွားလာသည့် မော်တော်ယာဉ်များကို တောင်လေးလုံးကျေးရွာရှိ လွယ်မင်းဇင်စေတီတောင်ခြေအနီးတွင် ဝှစ်သောက်ကားဖြင့် စောင့်ဆိုင်းကာ ငွေကြေးတောင်းခံမှုများ ပုံမှန်ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ရပ်စောက်–ရွှေညောင် ကားလမ်း၊ ဘန်းကန်ကျေးရွာအနီး၌ ၆ ဘီးကုန်တင်ယာဉ် ၂ စီး၏ ကားသော့များကို ဖြုတ်ယူထားပြီး ငွေကြေးတောင်းခံခဲ့ကြောင်း ကားသမားများက ပြောဆိုသည်။
ယာဉ်မောင်းများက တရားမဝင်ကုန်ပစ္စည်းများကို စစ်ဆေးဖမ်းဆီးခြင်းမှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ပိုင်ခွင့်ဖြစ်သော်လည်း ယခုကဲ့သို့ သွားလာနေသည့် ယာဉ်များကို အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းခံခြင်းမှာ အာဏာအလွဲသုံးစားပြုလုပ်ခြင်းသာဖြစ်ကြောင်း ဝေဖန်ပြောဆိုကြသည်။
ထို့အပြင် တပ်ကြပ်ကြီး သန်းကျော်ဆိုသူသည် တောင်ကြီးမြို့ပေါ်ရှိ နိုင်ငံရေးသမားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ကာ အမျိုးမျိုးသော အကြောင်း ပြချက်များဖြင့် ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်လေ့ရှိကြောင်းလည်း တောင်ကြီးမြို့ခံများက ပြောဆိုကြသည်။




