ရန်ကုန်၊ ဇူလိုင် ၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများထံ စိတ်ကြွမူးယစ်ဆေးဝါးများ ရောင်းချရန် သယ်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ ဒီပဲယင်းမြို့နယ်တွင်လည်း မူးယစ်ဆေးဝါး ရောင်းချဖြန့်ဖြူးသူ ၁ ဦးကို မြို့နယ်တရားရုံးက ထောင် ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ကြောင်း ကန့်ဘလူနှင့် ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့များထံမှ သိရသည်။
ဇူလိုင်လ ၂ ရက်နှင့် ဇူလိုင်လ ၅ ရက်တို့တွင် ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်း ရရှိထားသည့် သတင်းများအရ စစ်ဆေးရှာဖွေမှုများ ပြုလုပ်ခဲ့ရာ စိတ်ကြွမူးယစ်ဆေးဝါး သယ်ဆောင်လာသူ ၂ ဦးကို ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများအနက် ပထမတရားခံထံမှ စိတ်ကြွမူးယစ်ဆေးပြား ၁,၉၇၀ ပြားနှင့် ဒုတိယတရားခံထံမှ စိတ်ကြွမူးယစ်ဆေးပြား ၁၇၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့ပြီး စုစု ပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၂,၁၄၀ ပြားကို သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကနဦး စစ်ဆေးချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှ သယ်ဆောင်လာပြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးများထံ ရောင်းချရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းရရှိထားတဲ့အတိုင်း တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း စစ်ဆေးဖမ်းဆီးခဲ့တာပါ။ ဖမ်းမိသူနှစ်ဦးဆီက စုစုပေါင်း စိတ်ကြွဆေးပြား ၂,၁၄၀ ပြား သိမ်းဆည်းရမိပါတယ်။ သူတို့ကို ထန်းကုန်းကျေးရွာဘက်ကို အသွားလမ်းမှာ ဖမ်းမိတာဖြစ်ပြီး လက်ရှိမှာ ပလဖအချုပ်ခန်းမှာ ထိန်းသိမ်းထားကာ ပလဖကပဲ အမှုဖွင့်အရေးယူနေပါတယ်” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူက ရှင်းလင်းပြောကြားသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူ ၂ ဦးကို ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၏ အချုပ်ခန်းတွင် ထိန်းသိမ်းထားပြီး၊ ပြည်သူ့လုံခြုံရေးအဖွဲ့က တရားလိုပြုလုပ်၍ အမှုဖွင့်လှစ်ကာ ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အလားတူ ဒီပဲယင်းမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးများ တင်သွင်းရောင်းချဖြန့်ဖြူးနေသူ တစ်ဦးကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် မုံရွာခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တို့ ပူးပေါင်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိပြီးနောက် ဥပဒေနှင့်အညီ တရားစွဲဆိုခဲ့ရာ ဒီပဲယင်းမြို့နယ် တရားရုံးက အဆိုပါ မူးယစ်ဆေးဝါးရောင်းချသူကို ထောင်ဒဏ် ၁၅ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။
“မူးယစ်ဆေးဝါး တင်သွင်းရောင်းချဖြန့်ဖြူးတာတွေကို ဒီပဲယင်းမြို့နယ်အတွင်း လုံးဝလက်ခံမှာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့လည်း မိမိတို့ပတ်ဝန်းကျင်မှာ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာ၊ သုံးစွဲတာတွေကို တွေ့ရှိရင် နီးစပ်ရာ တော်လှန်ရေးအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေကို သတင်းပေးပို့ပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က အသိပေးထားသည်။






