ရန်ကုန်၊ ဇူလိုင် ၁၁
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ သာ့ဆိုင်းလွတ်ကျေးရွာအုပ်စုအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရုံး စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားဝင် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၉ ဦးကို တွေ့ရှိ၍ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်တွင်လည်း မဲဆောက်မြို့နယ်၊ သာ့ဆိုင်းလွတ်ကျေးရွာအုပ်စုအတွင်းရှိ အမှတ် (၁) ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအနီးတွင် တရားမဝင် ခိုးဝင်၍ အလုပ်လုပ်ကိုင်နေသည့် အသက် ၃၅ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် စသည့် တရားဝင် အထောက်အထားတစ်စုံတစ်ရာမရှိဘဲ သဘာဝတောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်ကာ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၀ ဦးကို ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စသည့် ပြစ်မှုများဖြင့် ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် မဲဆောက်မြို့မရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ထားကြောင်း သိရှိရသည်။
အလားတူ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် မယ်ရမတ်မြို့နယ်၊ ဖလကျေးရွာ (Ban Pha La) ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်၌ မြန်မာအမျိုးသမီး ၂ ဦးကို တင်ဆောင်လာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား အာဏာပိုင်များက တားဆီးစစ်ဆေးရန် ပြင်ဆင်ချိန်တွင် ထိုင်းနိုင်ငံသား လမ်းပြဖြစ်သူက ဖမ်းဆီးခံရမည်ကို ကြောက်လန့်၍ ဆိုင်ကယ်ကို ရုတ်တရက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မောင်းနှင်ထွက်ပြေးစဉ် နောက်မှလိုက်ပါလာသည့် မြန်မာအမျိုးသမီး ၂ ဦးကို စစ်ဆေးရေးဂိတ်အနီးတွင် စွန့်ပစ်ထားခဲ့သဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးသည် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်ရန် လိုအပ်သည့် နိုင်ငံကူးလက်မှတ်နှင့် တရားဝင် အထောက်အထား စာရွက်စာတမ်းတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ တရားမဝင် ခိုးဝင်လာသူများဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များ၏ မေးမြန်းစစ်ဆေးချက်အရ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးသည် မြန်မာနိုင်ငံ၊ ပဲခူးတိုင်း၊ တောင်ငူမြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သွားရောက်အလုပ်လုပ်ကိုင်ရန် မယ်ရမတ်ဆေးရုံရှေ့တွင် လမ်းပြဖြစ်သူနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြို့တွင် အလုပ်အကိုင်ရရှိရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၂,၀၀၀ ပေးချေခဲ့ရကြောင်း ၎င်းတို့က ဝန်ခံထွက်ဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးကို ထိုင်းနိုင်ငံအတွင်းသို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စွဲချက်တင်ကာ ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် မယ်ရမတ်မြို့မရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးအရာရှိများထံ လွှဲပြောင်းပို့ဆောင်၍ ထိန်းသိမ်းထားကြောင်း သိရှိရသည်။






