ရန်ကုန်၊ ဇူလိုင် ၁၃
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူသိများသော ဘားနှင့် စားသောက်ဆိုင်တစ်ခုတွင် မီးလောင်ပေါက်ကွဲမှု အကြီးအကျယ်ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အတည်ပြုပြောဆိုသည်။
ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းတွင် ဘန်ကောက်မြို့စွန်ရှိ Rong Beer Na Lat Phrao ဘားနှင့် စားသောက်ဆိုင်၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးနှင့် မီးခိုးများက ဆိုင်အတွင်း အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ကြောင်း သိရှိရသည်။
ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က မီးသည် အလွန်လျင်မြန်စွာ လောင်ကျွမ်းကာ မျက်နှာကြက်အထိ ရောက်ရှိခဲ့ပြီး မီးခိုးငွေ့ရှူရှိုက်ရခြင်းမှာ လူအများ သေဆုံးရသည့် အဓိကအကြောင်းရင်း ဖြစ်နိုင်ကြောင်း ပြောဆိုသည်။
လက်ရှိအချိန်အထိ လူ ၂၇ ဦး သေဆုံးပြီး ၆၃ ဦးကို ဆေးရုံတင်ထားရကာ ယင်းတို့အနက် ၂၂ ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရှိရသည်။ ထိုင်းအာဏာပိုင်များက မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
သေဆုံးသူတချို့ကို အရေးပေါ်မီးထွက်ပေါက်အနီးတွင် တွေ့ရှိခဲ့ရပြီး အဆိုပါ မီးထွက်ပေါက်တွင် လူများထွက်ပြေးရန် အဟန့်အတားဖြစ်စေသည့် ပစ္စည်းများ ရှိနေနိုင်ကြောင်း အာဏာပိုင်များက သံသယရှိနေသည်။
မီးလောင်ချိန်တွင် ဘားအတွင်းရှိ လူအများ အော်ဟစ်အကူအညီတောင်းခံနေကြပြီး အခြေအနေမှာ အလွန်ရှုပ်ထွေးကာ ပရမ်းပတာဖြစ်ခဲ့ကြောင်း ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် လာအိုနိုင်ငံသား ခရီးသွားတစ်ဦးက ပြောဆိုသည်။
၎င်းက လူတချို့၏ အင်္ကျီများပေါ်တွင် မီးစွဲလောင်နေသည့်အတိုင်း ဘားအပြင်ဘက်သို့ ပြေးထွက်လာကြပြီး တံခါးမှလည်း မီးတောက်များ အရှိန်ပြင်းစွာ ထွက်ပေါ်နေကြောင်း လူမှုကွန်ရက်တွင် ဗီဒီယိုတင်ထားသည်။
အဆိုပါ လာအိုခရီးသွားသည် ည ၁၀ နာရီခန့်တွင် ဘားအတွင်း အရက်သောက်နေစဉ် စင်မြင့်အနီးမှ မီးခိုးများ ထွက်ပေါ်လာသည်ကို စတင်သတိထားမိခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသမီးတစ်ဦးကို ဘားအပြင်ဘက်သို့ သယ်ထုတ်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
မီးသတ်သမား Chakrit Khongkom က ပထမဆုံး မီးသတ်ကားဖြင့် အခင်းဖြစ်နေရာသို့ ရောက်ရှိချိန်တွင် ဘားတစ်ခုလုံး မီးလောင်နေပြီး လူအများအပြား ဆိုင်အတွင်း ပိတ်မိနေကြောင်း၊ လူတချို့မှာ ဆိုင်အနောက်ဘက်မှ ထွက်ပြေးရန် ကြိုးစားနေကြပြီး ရှေ့တံခါးမှ ထွက်လာနိုင်သူ အနည်းငယ်မှာ မီးလောင်ဒဏ်ရာများ ရရှိထားကြောင်း ပြောဆိုသည်။
“မီးက အရမ်းပြင်းထန်နေတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမယ့် မီးခိုးက ဆိုင်တစ်ခုလုံးကို အပြည့်ဖုံးသွားတယ်။ နေရာတိုင်းမှာ မီးခိုးတွေပဲရှိပြီး အသက်ရှင်ကျန်ရစ်သူအများစုက မီးခိုးမွန်းနေကြတာ” ဟု မီးသတ်သမား Chakrit Khongkom က ပြောဆိုသည်။
ကယ်ဆယ်ရေးဝန်ထမ်းတစ်ဦး၏ ကိုယ်ပေါ်တပ်ကင်မရာမှတ်တမ်းတွင် အောက်ဆီဂျင်မျက်နှာဖုံးများ တပ်ဆင်ထားသည့် မီးသတ်သမားများက အမှောင်ကျနေသော ဘားအတွင်း ဓာတ်မီးများဖြင့် အသက်ရှင်ကျန်ရစ်သူများကို လိုက်လံရှာဖွေနေသည်ကို တွေ့ရှိရသည်။
ဘားအိမ်သာအနီး ကြမ်းပြင်ပေါ်တွင် လူအများအပြား လဲကျနေပြီး ကယ်ဆယ်ရေးဝန်ထမ်းများက လူနာတင်ထမ်းစင်များဖြင့် သယ်ယူကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက်မြို့တော်ဝန်၏ ပြောဆိုချက်အရ အဆိုပါ ဘားတွင် လိုအပ်သော လုပ်ငန်းလိုင်စင်များ တရားဝင်ရရှိထားပြီး အရေးပေါ်မီးထွက်ပေါက်များလည်း ရှိကြောင်း၊ သို့သော် မီးလောင်မှု လျင်မြန်စွာ ပျံ့နှံ့ကာ ဆိုင်အတွင်း မီးခိုးများ ပြည့်နှက်သွားသဖြင့် လူများ ထွက်ပြေးရန် ခက်ခဲခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။
ဘားတွင် ဖျော်ဖြေနေသည့် တီးဝိုင်းအဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ မီးလောင်မှုမဖြစ်မီ ဆိုင်အတွင်း မီးများ ခဏတာ ပျက်သွားပြီးနောက် ရုတ်တရက် မီးခိုးများ အခန်းအတွင်း ပြည့်နှက်လာကြောင်း၊ ထို့နောက် အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားကာ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ဘယ်သူမှ ပြေးနေတာ မတွေ့တော့ဘူး။ အများစုက ကြမ်းပြင်ပေါ်မှာ လဲကျပြီး အကူအညီတောင်းနေကြတယ်။ စင်မြင့်ကနေ တံခါးအထိ ၅ မီတာလောက်ကို ကျွန်တော် ပြေးခဲ့ရတယ်။ အရမ်းမှောင်နေပြီး မီးခိုးတွေနဲ့ အောက်ဆီဂျင်လည်း မရှိတော့ဘူး” ဟု ဒဏ်ရာရရှိထားသည့် တီးဝိုင်းအဖွဲ့ဝင်က ပြောဆိုသည်။
လက်ရှိတွင် မှုခင်းစစ်ဆေးရေးအဖွဲ့များက မီးလောင်ရာနေရာမှ သက်သေအထောက်အထားများ စုဆောင်းနေပြီး သေဆုံးသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ရေးနှင့် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။






