25.3 C
Yangon

ပွင့်ဖြူမြို့နယ်၊ အုတ်ဖိုကျေးရွာ အထက(ခွဲ) စာသင်ကျောင်းကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စာသင်ဆောင်အချို့ ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ အုတ်ဖိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ-အထက(ခွဲ) ကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ Grade 10 စာသင်ဆောင်အပါအဝင် စာသင်ကျောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် စကုမြို့နယ်ဘက်မှ စစ်အင်အား ၃၀ ခန့်ဖြင့် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်၊ ကျစ်ကိုင်းကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် အထိုင်ချတပ်စွဲခဲ့ကြောင်း၊ ယင်းနောက် အုတ်ဖိုကျေးရွာဘက်သို့ ဒရုန်းများဖြင့် ၈၁ မမ ဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က မွန်းလွဲပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချခဲ့ပြီး ညနေပိုင်းတွင် နောက်ထပ် ဗုံးသီး ၄ လုံး ထပ်မံကျဲချခဲ့ကြောင်း၊ ညနေပိုင်း ကျဲချခဲ့သည့် ဗုံးသီးများမှာ အုတ်ဖိုကျေးရွာ အထက(ခွဲ) စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် Grade 10 စာသင်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့သော်လည်း စာသင်ကျောင်းကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်နေပြီး စာသင်ကြားရန်ပင် မဝံ့မရဲဖြစ်နေကြကြောင်း သိရသည်။

“ဇူလိုင်လ ၁၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ၈၁ မမကို ဒရုန်းဗုံးသီးအဖြစ် အသုံးပြုပြီး အုတ်ဖိုကျေးရွာ အထက(ခွဲ) စာသင်ကျောင်းကို ဗုံးသီးတွေချပြီး ဖျက်ဆီးသွားတာပါ။ အဲဒီမှာ PDF တွေ တပ်စွဲထားတာမျိုးလည်း မရှိပါဘူး။ ကလေးတွေ စာသင်နေတဲ့ကျောင်းပါ။ Grade 10 စာသင်ဆောင် ပျက်စီးသွားတယ်။ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူတွေလည်း စာမသင်ရဲတော့ပါဘူး။ အင်အား ၃၀ လောက်နဲ့ စကုမြို့နယ်ဘက်ကနေလာပြီး ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းရွာက စစ်တပ်ဂိတ်မှာ အထိုင်ချပြီး ဒရုန်းနဲ့ အုတ်ဖိုရွာဘက်ကို ချတာပါ။ နေ့လယ်ပိုင်းမှာ ၂ လုံး၊ ညနေပိုင်းမှာ ၄ လုံးပါ။ ညနေပိုင်း ၄ လုံးက အုတ်ဖိုရွာ စာသင်ကျောင်းကို ချတာပါ” ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က ယင်းသို့ တိုက်ခိုက်မှုမပြုလုပ်မီ ပွင့်ဖြူမြို့နယ်အတွင်း PDF များ စိုးမိုးသည့် နယ်မြေများ၌ ကျောင်းသား၊ ကျောင်းသူများကို စာသင်ကြားခွင့်မပေးကြောင်း လူမှုကွန်ရက်အကောင့်အတုများမှတစ်ဆင့် ဝါဒဖြန့်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“ဒီမတိုင်ခင်က စစ်တပ်က အကောင့်တုတွေနဲ့ ပွင့်ဖြူက PDF စိုးမိုးနယ်မြေမှာ PDF တွေက စာမသင်ခိုင်းဘူးဆိုပြီး ဝါဒဖြန့်တယ်။ နောက်ဆုံးတော့ သူတို့ဘာသာလာပြီး စာသင်နေတဲ့ကျောင်းကို ဖျက်ဆီးတယ်။ မသင်စေချင်တာက သူတို့ပါ” ဟု အဆိုပါ ဒေသခံပြည်သူက ဆက်လက်ပြောဆိုသည်။

အလားတူ ဇွန်လ ၆ ရက်နေ့ကလည်း ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာမှ ပျူစောထီးများနှင့် စစ်သားများက ရေပုတ်ကလေးကျေးရွာနှင့် ညောင်ပင်စောက်ကျေးရွာတို့ကို ဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၆ ရက်နေ့ တိုက်ခိုက်မှုတွင် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှု မရှိခဲ့သော်လည်း ယခုအခါ စစ်တပ်က တိုက်ပွဲမရှိသည့် ကျေးရွာများနှင့် စာသင်ကျောင်းများအပါအဝင် အရပ်သားနေရာများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်လာသဖြင့် ဒေသခံပြည်သူများအကြား လုံခြုံရေးအတွက် စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article