25.3 C
Yangon

မလေးရှားနိုင်ငံ ဆလန်ဂေါပြည်နယ်တွင် အော်ပရာစီ စီမံချက်ဖြင့် နိုင်ငံခြားသား ၁၀၀၀ ကျော်ကို ပိတ်ဆို့စစ်ဆေးပြီး မြန်မာ ၁၂ ဦး ဖမ်းဆီးခံရ၊ ထရန်ဂါနူးပြည်နယ်တွင်လည်း တရားမဝင် မြန်မာ ၂၀ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၃

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန် (Klang) နှင့် ရှားအလန်း (Shah Alam) မြို့များရှိ နိုင်ငံခြားသားအများစု နေထိုင်အလုပ်လုပ်ကိုင်သည့် နေရာများကို ဌာနပေါင်းစုံပူးပေါင်းအဖွဲ့က အော်ပရာစီစစ်ဆင်ရေးဖြင့် ပိတ်ဆို့စစ်ဆေးရာ နိုင်ငံခြားသား ၁၀၀၀ ကျော်ကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁၂ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၉၈ ဦး ဖမ်းဆီးခံခဲ့ရကြောင်း မလေးရှားသတင်းများအရ သိရှိရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ဦးဆောင်သည့် ဌာနပေါင်းစုံပူးပေါင်းအဖွဲ့က ကလန်မြို့ ကေဝါဆန် ၁၅ ရပ်ကွက်ရှိ ပါယန်းလမ်း၊ ဘာတူးတီဂါးလမ်းနှင့် ရှားအလန်းမြို့ အာလမ်မေဂါးရပ်ကွက်ရှိ စီးပွားရေးဆိုင်ခန်းများနှင့် နိုင်ငံခြားသားများ နေထိုင်ရာနေရာများကို ပစ်မှတ်ထား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးတွင် ဌာနဆိုင်ရာအသီးသီးမှ အရာရှိ ၂၅၆ ဦး ပါဝင်ပြီး နိုင်ငံခြားသား စုစုပေါင်း ၁,၁၈၃ ဦးကို ပိတ်ဆို့စစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်ထားကြောင်း စစ်ဆေးတွေ့ရှိရသည့် နိုင်ငံခြားသား ၉၈ ဦးကို ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများတွင် မြန်မာနိုင်ငံသား ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၁၅ ဦး၊ အိန္ဒိယနိုင်ငံသား ၁၂ ဦး၊ နီပေါနိုင်ငံသား ၁၁ ဦးနှင့် အခြားနိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။ ၎င်းတို့မှာ အသက် ၂၀ နှစ်မှ ၅၆ နှစ်အတွင်းရှိ အမျိုးသား ၉၁ ဦးနှင့် အမျိုးသမီး ၇ ဦးတို့ဖြစ်သည်။

ဖမ်းဆီးခံရသူများသည် တရားဝင်ခရီးသွားလာခွင့် အထောက်အထားနှင့် နိုင်ငံကူးလက်မှတ် မရှိခြင်း၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်ခြင်းနှင့် ဗီဇာစည်းကမ်းချက်များ ချိုးဖောက်ခြင်းတို့ဖြင့် စစ်ဆေးခံနေရပြီး ဥပဒေအရ ဆက်လက်အရေးယူရန် လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

ဆလန်ဂေါပြည်နယ်အတွင်း ပြုလုပ်ခဲ့သည့် အော်ပရာစီစစ်ဆင်ရေးတွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိ ၂၄၀ ဦး၊ အမျိုးသားမှတ်ပုံတင်ဌာန-JPN မှ ၆ ဦး၊ ပြည်တွင်းကုန်သွယ်ရေးဌာန-KPDN မှ ၅ ဦးနှင့် မလေးရှားကုမ္ပဏီများကော်မရှင်-SSM မှ ၅ ဦးတို့ ပါဝင်ခဲ့သည်။

ထို့ပြင် တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ငှားရမ်းထားခြင်း သို့မဟုတ် အကာအကွယ်ပေးထားခြင်း ရှိ၊ မရှိ စစ်ဆေးရန် မလေးရှားနိုင်ငံသား အလုပ်ရှင် ၂ ဦးကိုလည်း အာဏာပိုင်များက ဆင့်ခေါ်ထားကြောင်း သိရသည်။

အလားတူ မလေးရှားနိုင်ငံ၊ ထရန်ဂါနူး (Terengganu) ပြည်နယ်တွင်လည်း ဇူလိုင်လ ပထမပတ်အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနက အော်ပရာစီစစ်ဆင်ရေးများ ဆက်တိုက်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား ၂၀ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၄၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ထရန်ဂါနူးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇူလိုင်လ ၆ ရက်နေ့တွင် ကွာလာထရန်ဂါနူး၊ ဟူးလူးထရန်ဂါနူးနှင့် မာရန်း (Marang) မြို့နယ်များရှိ စီးပွားရေးဆိုင်ခန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ၊ စက်ရုံများနှင့် နိုင်ငံခြားသားများ နေထိုင်ရာနေရာများ အပါအဝင် နေရာ ၁၆ ခုကို အာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့သည်။

ယင်းစစ်ဆင်ရေးအတွင်း နိုင်ငံခြားသား ၁၀၁ ဦးကို စစ်ဆေးခဲ့ပြီး မြန်မာနိုင်ငံသား ၁၃ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၉ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၃ ဦးနှင့် ကလေး ၄ ဦး ပါဝင်ကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့တွင်လည်း ကွာလာထရန်ဂါနူး၊ ဒွန်ဂွန် (Dungun) နှင့် ကီမာမန် (Kemaman) မြို့နယ်များရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ နေအိမ်၊ ဝပ်ရှော့နှင့် စားသောက်ဆိုင်များ အပါအဝင် နေရာ ၇ ခုကို ထပ်မံဝင်ရောက်စစ်ဆေးခဲ့သည်။

အဆိုပါ စစ်ဆင်ရေးတွင် နိုင်ငံခြားသား ၁၀၉ ဦးကို စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၃ ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူများတွင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၉ ဦးနှင့် ကလေး ၄ ဦး ပါဝင်ကြောင်း သိရှိရသည်။

ထရန်ဂါနူးပြည်နယ်အတွင်း စစ်ဆင်ရေး ၂ ကြိမ်မှ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား စုစုပေါင်း ၂၀ ဦး အပါအဝင် နိုင်ငံခြားသား ၄၂ ဦးကို တရားဝင် ခရီးသွားလာခွင့်အထောက်အထား မရှိခြင်း၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်ခြင်းနှင့် ဗီဇာစည်းကမ်းချက်များ ချိုးဖောက်ခြင်းတို့ဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒေအရ ဆက်လက်အရေးယူရန် အာဂျေး (Ajil) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article