ရန်ကုန်၊ ဇူလိုင် ၁၃
ထိုင်းနိုင်ငံ၊ နခွန်ပထုန်ခရိုင်တွင် အလုပ်ရမည်ဟု လိမ်ခေါ်ကာ ၇ ရက်ကြာ ပိတ်လှောင်အဓမ္မပြုကျင့် ခံရသည့် အသက် ၂၆ နှစ်အရွယ် မွန်အမျိုးသမီး ၁ ဦးသည် ထွက်ပြေးလွတ်မြောက်လာ၍ ထိုင်းစစ် တပ်ထံ အကူအညီတောင်းခံခဲ့ရာမှတစ်ဆင့် ကျူးလွန်သူ မြန်မာအမျိုးသားကို ရဲတပ်ဖွဲ့က ဖမ်းဆီး ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။
ဖြစ်စဉ်မှာ နစ်နာသူ မအေးသူဇာသည် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မြန်မာအမျိုးသား ၁ ဦးနှင့် သိကျွမ်းခဲ့ပြီး အလုပ်အကိုင်ကောင်းရမည်ဟု လိမ်လည်ခေါ်ဆောင်မှုကြောင့် ကန်ချနဘူရီခရိုင်၊ ဘု ရားသုံးဆူနယ်စပ်ဂိတ်မှ နခွန်ပထုန်ခရိုင်သို့ လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရောက်ရှိပြီးနောက် အဆိုပါ မြန်မာအမျိုးသား (စက်ရုံတစ်ခုမှ သံဂဟေဆက် အလုပ်လုပ်ကိုင်သူ) က ၎င်းကို အတင်း အဓမ္မပြုကျင့်ကာ အခန်းတွင်း ပိတ်လှောင်၍ ဇနီးအဖြစ် ပေါင်းသင်းရန် ဖိအားပေးပြီး ၇ ရက်တိုင်တိုင် ဘယ်မှပေးမသွားဘဲ ချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့တွင် အဆိုပါ မြန်မာအမျိုးသားက အလုပ်ပိတ်ရက်ဖြစ်၍ အရက် သောက်ကာ အိပ်ပျော်နေစဉ် မအေးသူဇာသည် ဖုန်းနှင့် ကျူးလွန်သူ၏ ဆိုင်ကယ်ကို ယူဆောင်၍ လမ်းကြောင်းမသိဘဲ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း၊ ယင်းနေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် နခွန် ပထုန် ခရိုင်ရှိ ထိုင်းစစ်တပ်ဂိတ်တစ်ခုသို့ ဝင်ရောက်ကာ ထိုင်းဘာသာစကား မပြောတတ်သဖြင့် မိမိကိုယ်ကို ဖမ်းဆီးလက်ထိပ်ခတ်ရန် အမူအရာဖြင့် အကူအညီတောင်းခံခဲ့ကြောင်း သိရှိရသည်။
ထိုင်းအာဏာပိုင်များက စကားပြန်ဖြင့် အသေးစိတ်မေးမြန်းကာ ဖြစ်စဉ်မှန်ကို သိရှိပြီးနောက် နစ်နာ သူ အမျိုးသမီးကို မောင်းနခွန်ပထုန်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ယင်းနောက် ကျူးလွန်သူ မြန်မာအမျိုးသားသည်လည်း ဆိုင်ကယ်ပျောက်ဆုံးနေ၍ ကမ်ဖန်စဲန်ရဲစခန်းတွင် ဆိုင်ကယ်ခိုးခံရ သည်ဟု လာရောက် တိုင်ချက်ဖွင့်ခဲ့သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ မအေးသူဇာ စီးနင်းလာသည့် ဆိုင်ကယ်မှာ အဆိုပါတိုင်ချက်လာဖွင့် သည့် ဆိုင်ကယ်ဖြစ်နေသည်ကို တွေ့ရှိရ၍ ကျူးလွန်သူ မြန်မာအမျိုးသားကို ချက်ချင်း ဖမ်းဆီး ထိန်း သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိချိန်တွင် ရဲတပ်ဖွဲ့က ဆိုင်ကယ်ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းကာ မအေးသူဇာကို နစ်နာသူ စောင့်ရှောက်ရေးအစီအစဉ် ဖြင့် ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး၊ ပြစ်မှုကျူးလွန် သူ မြန်မာအမျိုးသားကို တရားမဝင် ဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ပြစ် မှုများဖြင့် ထိရောက်စွာ အမှုဖွင့် အရေးယူနိုင်ရန် ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင် ရွက်လျက်ရှိကြောင်း သိရှိရသည်။






