25 C
Yangon

အာဆီယံအထူးသံတမန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရို ဦးဆောင်၍ ယခုနှစ်ကုန်ပိုင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ကူညီရေး မစ်ရှင် သွားရောက်မည်

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်းဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မာရီယာ သီရီဆာ ပီ လာဇာရို ဦးဆောင်၍ ယခု ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအကူအညီ လိုအပ်နေသော ဒေသများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မစ်ရှင်တစ်ခု သွားရောက်ရန် စီစဉ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါလူသားချင်းစာနာမှု ကူညီရေး မစ်ရှင်ကို ၂၀၂၆ ခုနှစ် စတုတ္ထသုံးလပတ်ဖြစ်သော အောက်တို ဘာလမှ ဒီဇင်ဘာလအတွင်း သွားရောက်ရန် စီစဉ်ထားပြီး အထူးသံတမန် လာဇာရိုကိုယ်တိုင် ဦး ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်ကို သက်ဆိုင်သူအားလုံးက ထောက်ခံခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံ၏ တူညီဆန္ဒ ၅ ချက်-5PC ကိုသာ အဓိကအခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုကြသည်ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

မြန်မာ့နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်လည်းဖြစ်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ မာရီယာ သီရီဆာ ပီ လာဇာရိုသည် ထိုင်းနိုင်ငံ ဘန် ကောက်နှင့် ပတ္တရားမြို့တို့တွင် ဇူလိုင်လ ၁၂ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ၂ ရက်ဆက်တိုက် အရေးကြီးအစည်းအဝေးများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးများကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒုတိယဝန်ကြီးချုပ် ဆီဟာဆက် ဖူအန်ကတ် ကီယိုက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် ပြုလုပ်သော နှစ်ဦးနှစ်ဖက်တွေ့ဆုံပွဲ၌ အထူးသံတမန် လာဇာရိုသည် မြန်မာ စစ်တပ် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနှင့် တွေ့ဆုံခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ ၅ ချက် အကောင် အထည်ဖော်ရေးနှင့် အာဆီယံ-မြန်မာ ဆက်ဆံရေး ပုံမှန်ပြန်လည်ဖြစ်ပေါ်ရေးတို့ကို ပွင့် လင်းစွာ ဆွေး နွေးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးကိုလည်း ကျင်းပခဲ့ပြီး မြန်မာ စစ်တပ်က ၎င်းတို့၏ ရက်ပေါင်း ၁၀၀ ငြိမ်းချမ်းရေးစီမံချက်နှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ နှိမ်နင်းရေးဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါအစည်းအဝေးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာစစ်တပ်၏ ထိပ်တန်းကိုယ်စားလှယ်တို့အကြား ပထမဆုံးအကြိမ် လူကိုယ်တိုင် မျက်နှာစုံညီတွေ့ဆုံမှုဖြစ်သည်။

အထူးသံတမန် လာဇာရိုက မြန်မာနိုင်ငံသည် အာဆီယံ၏ ခွဲထုတ်၍မရသော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ပြောဆိုခဲ့သည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း အာဆီယံအထူးသံတမန် လာဇာရိုနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်တို့က မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ-EAOs ၏ အဆင့်မြင့်ကိုယ် စားလှယ်များနှင့် သီးခြားစီ တံခါးပိတ်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ထို့အပြင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ-NSPNC မှ ကိုယ်စားလှယ်များနှင့်လည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံမှုများတွင် အားလုံးပါဝင်နိုင်သော အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ပေါ်လာရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အပြုသဘောဆောင်သော နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်အပေါ် ပွင့်လင်းစွာ လက်ခံကြိုဆိုကြောင်းနှင့် သေချာစွာ ပြင်ဆင်ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သိရှိရသည်။

အာဆီယံဘက်ကမူ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ လျှော့ချရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်ရေးနှင့် လူသားချင်းစာနာမှုအကူအညီများ လိုအပ်နေသူများထံ ရောက် ရှိရေးတို့အတွက် တူညီဆန္ဒ ၅ ချက်ကို အခြေခံ၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း အတည်ပြုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article