25 C
Yangon

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၈၈ ရပ်ကွက်တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်ရန် နီးကပ်လာစဉ် ရာအိမ်မှူးများနှင့် ပြည်သူများ ဖမ်းဆီးခံရ၊ မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသော အုပ်ချုပ်ရေးမှူးဟောင်း ဇော်လွင် ပြန်လည်အာဏာရရေး ကြိုးစားနေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ အမှတ် ၈၈ ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ် ရွေးချယ်မှု နီးကပ်လာစဉ် ပြည်သူများဘက်မှ ရပ်တည်ပေးနေသည့် ရာအိမ်မှူးများနှင့် ဒေသခံပြည်သူအချို့ကို ညအချိန်မတော် ဖမ်းဆီးခေါ်ဆောင်မှုများ ဖြစ်ပွားနေကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

ဇူလိုင်လ ၁၃ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် အမှတ် ၈၈ ရပ်ကွက်အတွင်း ပြည်သူများကို ကူညီပေးလေ့ရှိပြီး လူထုထောက်ခံမှုရရှိထားသော ရာအိမ်မှူး ၆ ဦးနှင့် ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း တောက်တဲ့(ခ) ဇော်လွင်ကို ဆန္ဒပြကန့်ကွက်ရာတွင် ပါဝင်ခဲ့ဖူးသည့် အမျိုးသမီး ၂ ဦးကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ယင်းနောက် နောက်ထပ် ရာအိမ်မှူးတစ်ဦးကိုလည်း ထပ်မံဖမ်းဆီးခဲ့သည်ဟု သိရှိရပြီး ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ကို ဆန့်ကျင်ရာတွင် ဦးဆောင်ပါဝင်နေသူ အခြားပြည်သူ ၄ ဦးကိုပါ ဆက်လက်ဖမ်းဆီးရန် ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးမှုများနှင့်ပတ်သက်၍ ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များနှင့် ရပ်ကွက်နေပြည်သူများက လိုက်လံစုံစမ်းရာ ယခင် အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လွင် ခေါ် တောက်တဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းကြံစည် လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“အရင် အုပ်ချုပ်ရေးမှူးဟောင်း တောက်တဲ့က ပြည်သူတွေ လက်မခံလို့ ဆန္ဒပြခံခဲ့ရဖူးတဲ့သူပါ။ သူမရှိတော့တဲ့နောက်ပိုင်း ပြည်သူတွေရော၊ ရာအိမ်မှူးဟောင်းတွေရော သက်သက်သာသာနဲ့ အဆင်ပြေပြေ နေခဲ့ကြရပါတယ်။ အခု ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်မှု နီးလာပြီဆိုတော့ သူတို့လက်ထဲ အာဏာပြန်မရောက်အောင် ပြည်သူ့ဘက်က ရပ်တည်ပေးတဲ့သူတွေကို တမင်အကွက်ဆင်ပြီး ဖမ်းခိုင်းတာလို့ သိရပါတယ်” ဟု အမှတ် ၈၈ ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဇော်လွင် ခေါ် တောက်တဲ့သည် အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလလယ်ပိုင်းတွင် စစ်တပ်က ၎င်း၏နေအိမ်ကို ဝင်ရောက်စီးနင်းကာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ရန်ကုန်ခေတ်သစ်ထံ ပြောဆိုထားသည်။

စစ်တပ်က ဇော်လွင် ခေါ် တောက်တဲ့၏ နေအိမ်ကို ဝင်ရောက်စီးနင်းစဉ် ငွေကျပ် ၁ သောင်းတန်များ ထည့်ထားသည့် ဆာလာအိတ် ၅ အိတ်နှင့် WY မူးယစ်ဆေးပြား အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းနောက် ဇော်လွင်နှင့် သားများကို ဖမ်းဆီးကာ နေအိမ်ရှိ ပစ္စည်းအများအပြားကိုလည်း ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း၊ ထို့နောက် စစ်တပ်၊ရဲနှင့်ထွေ/အုပ်များကို လာဘ်ထိုးကာ တောက်တဲ့မှာ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ဇော်လွင် ခေါ် တောက်တဲ့သည် စစ်အာဏာမသိမ်းမီက တစ်နေ့လုပ် တစ်နေ့စား အခြေခံလူတန်းစားဘဝဖြင့် နေထိုင်ခဲ့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာပြီးနောက် နှစ်အနည်းငယ်အတွင်း အလွန်ချမ်းသာလာခဲ့ကြောင်း၊ ကား ၆ စီး၊ ဆိုင်ကယ်အကြီးစား ၁၅ စီးအထိ ပိုင်ဆိုင်လာပြီး နေအိမ်ကိုလည်း အကြီးအကျယ် ပြုပြင်တည်ဆောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုထားသည်။

“အရင် စစ်အာဏာမသိမ်းခင်က သူက အရမ်းဆင်းရဲတယ်။ ဘယ်သူမှ ရပ်ကွက်အုပ်ချုပ်ရေးမှူး မလုပ်ရဲတဲ့အချိန်မှာ အုပ်ကြီးဝင်လုပ်တယ်။ အဲဒီကစပြီး ချမ်းသာလာတာ ကားတင် သူ့အိမ်မှာ ၆ စီးရှိတယ်။ ဆိုင်ကယ်ဘီးကြီးဆိုရင် ၁၅ စီးရှိတယ်။ သူ့အိမ်ကိုလည်း နန်းတော်ကြီးတစ်ခုလို ပြင်ဆောက်လိုက်တာ” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောဆိုထားသည်။

ဇော်လွင် ခေါ် တောက်တဲ့၏ သားအကြီးမှာလည်း အမှတ် ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ၎င်းကိုလည်း စစ်တပ်က မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် ဇော်လွင် ခေါ် တောက်တဲ့သည် ၂၀၂၂ ခုနှစ်တွင် တစ်ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် တစ်ကြိမ် တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်မှု ခံခဲ့ရသော်လည်း အသက်မသေဘဲ ဒဏ်ရာဖြင့် လွတ်မြောက်ခဲ့သူဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်အားကိုးဖြင့် ရပ်ကွက်နေပြည်သူများအပေါ် ဖိနှိပ်ကြမ်းတမ်းခဲ့သည်ဟု ဒေသခံများက စွပ်စွဲထားသည့် ဇော်လွင် ခေါ် တောက်တဲ့ ဖမ်းဆီးခံခဲ့ရစဉ်က ရပ်ကွက်နေပြည်သူများ ဝမ်းသာခဲ့ကြပြီး အလှူပြုလုပ်သူများပင် ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုထားသည်။

ဓာတ်ပုံ- ဒဂုံဆိပ်ကမ်း၊ အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်း ဇော်လွင် ခေါ် တောက်တဲ့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article