25 C
Yangon

ရန်ကုန်တွင် ဆယ်ကျော်သက် လူငယ်စုံတွဲ ၂ ဦး ကားဖြင့် နေအိမ်မှ ထွက်ခွာသွားပြီး ၁ လနီးပါးကြာသည်အထိ အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေ၍ မိသားစုက အရေးပေါ်ရှာဖွေနေ၊ လူငယ်များကို လိုက်လံဖမ်းဆီး ငွေညှစ်ပြီး ငွေမပေးနိုင်ပါက စစ်တပ်ထံ ရောင်းစားသည့်အုပ်စုများ ပေါ်ပေါက်နေဟု သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ရန်ကုန်မြို့တွင် ဆယ်ကျော်သက် လူငယ်စုံတွဲဖြစ်သည့် ဥက္ကာ ခေါ် အောင်သူရိန်ထွန်းနှင့် မမေသက် သက်မွန်တို့ လူငယ် ၂ ဦးသည် ကားဖြင့် နေအိမ်မှ ထွက်သွားပြီးနောက် ယနေ့အချိန်အထိ ၁ လနီးပါးကြာ အဆက်အသွယ် လုံး၀ပြတ်တောက်ကာ ပျောက်ဆုံးနေသဖြင့် မိသားစုဝင်များက အရေးပေါ်ရှာဖွေနေကြောင်း ဥက္ကာ၏ ဆွေမျိုးတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် ဥက္ကာ ခေါ် အောင်သူရိန်ထွန်းသည် နေအိမ်မှ Nissan Moco အမျိုးအစား မော်တော်ယာဉ်ဖြင့် အပြင်သို့ ထွက်ခွာသွားခဲ့ပြီး မမေသက်သက်မွန်နှင့်အတူ ရှိနေခဲ့ကြောင်း၊ နှစ်ဖက်မိသားစုများမှာ သိကျွမ်းကြပြီး သမီးရည်စားအဖြစ်လည်း သဘောတူထားကြောင်း၊ ယင်းနောက် လူငယ်စုံတွဲ ၂ ဦးစလုံးမှာ ကားဖြင့်သွားနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် လူငယ်စုံတွဲ ၂ ဦးစလုံးမှာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိတော့ဘဲ ဖုန်းများလည်း ပိတ်ထားကာ ဇွန်လ ၁၆ ရက်နေ့မှ ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့အထိ အဆက်အသွယ် လုံး၀မရရှိသေးကြောင်း သိရှိရသည်။

မိသားစုဝင်များက ၎င်းတို့ သွားလာလေ့ရှိသော နေရာများ၊ သူငယ်ချင်းနှင့် မိတ်ဆွေများထံ အပူတပြင်း လိုက်လံစုံစမ်းမေးမြန်းခဲ့သော်လည်း လူငယ် ၂ ဦးနှင့် မော်တော်ယာဉ်၏ သတင်းအစအနကိုပါ ယနေ့အချိန်အထိ မရရှိသေးကြောင်း ဆိုသည်။

လူငယ် ၂ ဦးမှာ ချစ်သူစုံတွဲဖြစ်သော်လည်း နှစ်ဖက်မိသားစုက သဘောတူထားပြီး တစ်ဦး၏နေအိမ်သို့ တစ်ဦး ပုံမှန်ဝင်ထွက်သွားလာနေကြသူများဖြစ်သဖြင့် ခိုးရာလိုက်ပြေးရန် အကြောင်းမရှိကြောင်း မိသားစုဘက်က ရှင်းလင်းထားသည်။

“ယနေ့အချိန်အထိ မတွေ့သေးပါဘူး။ ကောင်မလေးနဲ့အတူ ပျောက်သွားတာပါ။ ခိုးရာလိုက်ပြေးရမယ့် အခြေအနေလည်း မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဖက်လုံးရဲ့ အိမ်တွေကို ဝင်ထွက်နေကြပြီး မိသားစုတွေကလည်း သဘောတူထားပါတယ်။ ပျောက်တဲ့နေ့ကတည်းက အခုချိန်အထိ အဆက်အသွယ်မရလို့ပါ။ ရက်လည်း အတော်ကြာနေပါပြီ။ ကားရော လူရော အခုချိန်အထိ မတွေ့သေးပါဘူး။ ဝိုင်းဝန်းကူညီပေးကြပါဦး” ဟု မိသားစုဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

၁ လကျော်ကြာ ပျောက်ဆုံးနေသော ဥက္ကာ ခေါ် အောင်သူရိန်ထွန်း မောင်းနှင်သွားသော မော်တော်ယာဉ်မှာ Nissan Moco အမျိုးအစားဖြစ်ပြီး ယာဉ်အမှတ် YGN-22 9H/8258 ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လူငယ်စုံတွဲ ၂ ဦးနှင့် မော်တော်ယာဉ်ကို မြင်တွေ့ခဲ့သူများ သို့မဟုတ် သတင်းအစအန သိရှိသူများအနေဖြင့် မိသားစုထံ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားပေးရန် မေတ္တာရပ်ခံထားပြီး လူငယ် ၂ ဦး ဘေးကင်းစွာ ပြန်လည်တွေ့ရှိရေးအတွက် ပြည်သူများ ဝိုင်းဝန်းကူညီရှာဖွေပေးကြရန် မိသားစုက အရေးပေါ် အကူအညီတောင်းခံထားသည်။

တစ်ချိန်တည်းတွင် ရန်ကုန်မြို့အတွင်း လူငယ်များကို ကားများဖြင့် လိုက်လံဖမ်းဆီးကာ မိသားစုဝင်များထံမှ ငွေညှစ်တောင်းခံပြီး ငွေမပေးနိုင်ပါက စစ်မှုထမ်းအဖြစ် စစ်တပ်ထံ ပို့ဆောင်ရောင်းစားသည့် အုပ်စုများ ပေါ်ပေါက်နေကြောင်း ရန်ကုန်မြို့ခံများက သတိပေးပြောဆိုကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့တွင် လူငယ် DJ BA Ro Na ဆိုသူက မြောက်ဥက္ကလာပနှင့် မင်္ဂလာဒုံမြို့နယ်ဘက်ရှိ “ဝင်း” ဘီယာဆိုင်အနီးတွင် ကား ၂ စီး၊ လူ ၁၃ ဦးခန့်ပါဝင်သော အုပ်စုတစ်ခုက ၎င်းကို ကားများဖြင့် လိုက်လံဖမ်းဆီးခဲ့ကြောင်း လူမှုကွန်ရက်မှတစ်ဆင့် အသိပေးထားသည်။

၎င်း၏ ပြောဆိုချက်အရ အဆိုပါအုပ်စုက သာမန် စစ်မှုထမ်းပေါ်တာဆွဲသည့်ပုံစံမျိုးမဟုတ်ဘဲ လူငယ်များကို ဖမ်းဆီး၍ ငွေညှစ်ရန် လိုက်လံဖမ်းဆီးသည့်အုပ်စုဖြစ်ကြောင်း၊ ၎င်းကို ကား ၂ စီးဖြင့် လိုက်လံဖမ်းဆီးခဲ့သဖြင့် ၅ မိနစ်မှ ၁၀ မိနစ်ခန့် အသက်လုပြေးခဲ့ရပြီး အနီးရှိ ကားဝပ်ရှော့တစ်ခုသို့ ဝင်ရောက်အကူအညီတောင်းခံနိုင်ခဲ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ညီကိုမောင်နှမတို့ရေ၊ တစ်ယောက်တည်းဖြစ်စေ၊ ၂ ယောက်တည်းဖြစ်စေ လမ်းမပေါ်မှာ လျှောက်မသွားကြပါနဲ့။ ကျွန်တော့်ကို လူနဲ့တောင်မဟုတ်ဘူး၊ ကား ၂ စီးနဲ့ လိုက်ဖမ်းတာပါ။ ကျွန်တော် အသက်လုပြီး ၅ မိနစ်ကျော်၊ ၁၀ မိနစ်လောက် ပြေးခဲ့ရတယ်။ ကားဝပ်ရှော့နားကို ပြေးပြီး အကူအညီတောင်းခဲ့ရလို့ အသက်ဘေးက လွတ်ခဲ့တာပါ။ ကိုယ့်နောက်ခံ၊ ကိုယ့် Background ဘယ်လောက်ရှိရှိ အခုလို အသက်လုပြေးနေရတဲ့အချိန် ဘယ်သူမှ လာမကယ်နိုင်ပါဘူး။ ကျွန်တော့်လို မဖြစ်ရအောင် မေတ္တာစေတနာနဲ့ ပြောပြတာပါ” ဟု DJ BA Ro Na ဆိုသူက လူမှုကွန်ရက်မှတစ်ဆင့် သတိပေးထားသည်။

အဆိုပါဖြစ်စဉ်မှာ မှန်ကန်ကြောင်း Ah Gu အမည်ရှိ လူမှုကွန်ရက်အကောင့်ပိုင်ရှင်ကလည်း အတည် ပြုပြောဆိုထားသည်။

ရန်ကုန်မြို့ခံများ၏ ပြောဆိုချက်အရ ယခုဖြစ်ပွားနေသည့် လူငယ်များကို ဖမ်းဆီးမှုများမှာ သာမန် စစ်မှုထမ်းပေါ်တာဆွဲသည့် ပုံစံမျိုးမဟုတ်တော့ဘဲ ဖမ်းဆီးရမိသူ၏ မိသားစုက လိုက်လံရှာဖွေပြီး သတင်းအစအနရရှိလာချိန်တွင် ငွေကျပ် သိန်း ၁၀၀ နီးပါးအထိ ငွေညှစ်တောင်းခံမှုများ ရှိနေကြောင်း သိရှိရသည်။

“ပေါ်တာဆွဲတာမျိုး မဟုတ်တော့ပါဘူး။ လူပါသွားရင် မိသားစုက လိုက်ရှာမယ်။ သတင်းရလာရင် ငွေညှစ်မယ်။ သိန်း ၁၀၀ နီးပါးလောက်အထိ တောင်းတယ်။ ငွေမပေးနိုင်ရင် ဟိုရောက်မယ်၊ ဒီရောက်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ မပေးနိုင်တဲ့ မိသားစုဆိုရင် စစ်တပ်ထဲ ပို့တယ်လို့ သိရပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဖြစ်စဉ်များမှာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် ဖြစ်ပွားနေကြောင်း မြို့ခံပြည်သူများက ပြောဆိုအတည်ပြုကြပြီး လူငယ်များအနေဖြင့် ညပိုင်းနှင့် လူအသွားအလာနည်းပါးသည့် နေရာများတွင် တစ်ဦးတည်း သို့မဟုတ် လူနည်းစုဖြင့် သွားလာခြင်းမပြုဘဲ အထူးသတိထားကြရန် သတိပေးထားကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article