24.9 C
Yangon

ပေါက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းက ထောက်ရှာပင်ရွာကို ထပ်မံ မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀ ခန့် မီးလောင်ပြာကျ၊ ကျေးရွာ ၉ ရွာမှ ပြည်သူ ၇၀၀၀ ခန့် စစ်ရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေ

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ စစ်ဘေးတိမ်းရှောင်နေရကာ စားနပ်ရိက္ခာများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ပေါက်မြို့နယ် လူသားစာနာဌာန ထုတ်ပြန်ချက်နှင့် ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုး ပြောဆိုချက်အရ သိရသည်။

ပေါက်မြို့နယ်အရှေ့ပိုင်းရှိ ထောက်ရှာပင်ကျေးရွာတွင် ရောက်ရှိတပ်စွဲထားသည့် အင်အား ၆၀၀ နီးပါးပါ စစ်တပ် စစ်ကြောင်းသည် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ထောက်ရှာပင်ရွာကို ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်။ အဆိုပါစစ်ကြောင်း ရွာတွင်းရှိနေစဉ် ဇူလိုင်လ ၉ ရက်နေ့က စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာထုပ်များ လာရောက်ကျဲချပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇူလိုင်လ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင်လည်း အကြမ်းဖက်စစ်တပ်က ထောက်ရှာပင်ကျေးရွာကို ထပ်မံ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ် ၄၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

စစ်တပ် စစ်ကြောင်းထိုးမှုများကြောင့် ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ဇုန်-၇ နယ်မြေရှိ ကျေးရွာ ၉ ခုမှ အိမ်ထောင်စု ၁၅၀၅ စု၊ လူဦးရေ စုစုပေါင်း ၇၀၀၀ ခန့်မှာ ၂ ပတ်ကျော်ကြာသည်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ နီးစပ်ရာကျေးရွာများနှင့် တောတောင်များထဲတွင် ယာယီစစ်ဘေးရှောင်နေကြရသည်။

စစ်ဘေးရှောင်ရက် ကြာမြင့်လာသည်နှင့်အမျှ ၎င်းတို့အတွက် ဆေးဝါးနှင့် စားနပ်ရိက္ခာ အကူအညီများစွာ အရေးပေါ် လိုအပ်လျက်ရှိနေသဖြင့် အလှူရှင်များအနေဖြင့် နီးစပ်ရာနယ်မြေအလိုက် ခေါင်းဆောင်များနှင့် ချိတ်ဆက်ကာ ဝိုင်းဝန်းကူညီလှူဒါန်းပေးကြရန် ပေါက်မြို့နယ် လူသားစာနာဌာနက အသိပေးနှိုးဆော်ထားသည်။

“အဲ့စစ်ခွေးစစ်ကြောင်းက ရွာထဲမှာ တစ်ပတ်လောက်နေလိုက်သေးတယ်။ နေအိမ်တွေကို မီးရှို့သွားတာ ၄၀ လောက်ပြာကျသွားတယ်။ အခုစစ်ခွေးတွေက ရွာထဲမှာတော့ မရှိတော့ဘူး။ ကန်နက်ရွာနဲ့ လက်ခုပ်ပင်ရွာဘက်ကို ရောက်နေတယ်” ဟု ဆိပ်ဖြူတစ်ကိုယ်တော်ကျားဇိုးက ပြောဆိုသည်။

ထို့ကြောင့် ပေါက်မြို့နယ်အရှေ့ပိုင်းနှင့် မြိုင်မြို့နယ်အနောက်တောင်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်တပ် စစ်ကြောင်း သတင်းများကို အထူးဂရုပြုနားစွင့်ကာ လုံခြုံရေးအတွက် သတိဝရိယဖြင့် နေထိုင်ကြပါရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက အသိပေးပြောဆိုထားသည်။

မြိုင်မြို့နယ် အတွင်း စစ်တပ် စစ်ကြောင်းထိုးစဉ်က သာစည်ရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဝင်းရွှေ၊ နှမ်းဆီကန်ရွာမှ အသက် ၅၆ နှစ်အရွယ် ဦးမြင့်ဦး၊ မြေရင့်ရွာမှ စိတ်ရောဂါ ခံစားနေရသော အသက် ၄၀ နှစ်အရွယ် ကိုကျော်လွင်၊ မိတ္ထိလာရွာမှ အသက် ၃၂ နှစ်အရွယ် ကိုနေဇော် နှင့် မိတ္ထိလာရွာမှ အသက် ၃၃ နှစ်အရွယ် ကိုမင်းမင်းဦး တို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ကလည်း စစ်တပ် စစ်ကြောင်းက မြဇီးတောရွာမှ ရွာဦးဘုန်းကြီးကျောင်း ဇရပ် ၂ ခု ၊ ပြည်သူပိုင် နေအိမ် ၂၀ ကျော်၊ ဖောကား ၁ စီး၊ မြေတူးစက် ၁ စီး၊ လယ်ထွန်စက် ၁ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ မော်တော် ဆိုင်ကယ် ၁၇ စီး၊ အိမ်သုံး ပရိဘောဂအမျိုးမျိုးနှင့် စားနပ်ရိက္ခာ အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article