25 C
Yangon

ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်၊ ဟုမ္မလင်းနှင့် အင်းတော်ကြီး ဘက်တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ် ဒရုန်း ၁ စီးလည်း သိမ်းဆည်းရရှိထား

Must read

ရန်ကုန်၊ ဇူလိုင် ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က တိုက်လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပြီး စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖားကန့်မြို့နယ် မြောက်ဘက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ ၉၊ တပ်ရင်း ၆ နယ်မြေအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာ ၄ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် မန္တလေး တံတားဦးလေတပ်စခန်းမှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီးနှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းလေတပ်စခန်းမှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီး စုစုပေါင်း ၄ စီးဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းကလည်း တံတားဦးလေတပ်မှ တက်လာသည့် ဂျက်တိုက်လေယာဉ် ၂ စီးက KIA တပ်ရင်း ၆ ဘက်သို့ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တစ်ပတ်အတွင်း ဖားကန့်နယ်မြေကို စစ်တပ်က တိုက်လေယာဉ် စုစုပေါင်း ၆ စီးအထိ အသုံးပြုကာ ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖားကန့်မြို့နယ်ဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ ဂျက်ဖိုက်တာ ၄ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတယ်။ တံတားဦးလေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးရယ်။ ဟုမ္မလင်း လေတပ်က တက်တဲ့ ဂျက်ဖိုက်တာ ၂ စီးရယ်။ ၄ စီး ဖားကန့်မြို့ မြောက်ဘက်က KIA တပ်ရင်း ၆ ဘက်ကို ဗုံးကျဲ တိုက်ခိုက်သွားတယ်။ ဇူလိုင် ၉ ရက်နေ့ ညနေကလည်း တံတားဦး လေတပ်က တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ KIA တပ်ရင်း ၆ ဘက်ကို လေကြောင်း တိုက်သွားတာပေါ့။ တစ်ပတ်အတွင်းမှာ ဂျက်ဖိုက်တာ ၆ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာရှိတယ်။ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ ဗုံးကျဲနေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းဘက်ခြမ်းရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၃၁ လှုပ်ရှားနယ်မြေဖြစ်သော ရေပေါ်မီးကျေးရွာနှင့် စုံတွဲကျေးရွာအကြားတွင်လည်း စစ်တပ်နှင့် SNA ပူးပေါင်းတပ်များက ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆည်ဇင်းရွာ တစ်ဖက်ကမ်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးရွာနှင့် စုံတွဲရွာအကြား၌ ဖြစ်ပွားနေသည့် တိုက်ပွဲများမှာ ရက်ရှည်ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်တပ်နှင့် SNA ပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ အထိအခိုက် ကျဆုံးမှုများပြားကြောင်း သိရှိရသည်။

အလားတူ ကချင်ပြည်နယ်၊ အင်းတော်ကြီးဒေသရှိ KIA တပ်မဟာ ၉၊ တပ်ရင်း ၂၆ လှုပ်ရှားရာ လုံးတုံရွာ တစ်ဝိုက်တွင်လည်း စစ်တပ်နှင့် SNA အဖွဲ့များက စစ်ကြောင်းထိုး စစ်ရေးဖော်ဆောင်လာသဖြင့် နှစ်ဖက်တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားလျက်ရှိပြီး စစ်တပ်၏ ဒရုန်း ၁ စီးလည်း သိမ်းဆည်းရရှိထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် နယ်မြေများအတွင်း၌ စစ်တပ်က လေကြောင်းပစ်ကူများကို အလွန်အကျွံအသုံးပြုကာ မြေပြင်စစ်ကြောင်းများဖြင့် ဖိအားပေးထိုးစစ်ဆင်နေသဖြင့် စစ်ရေးအခြေအနေများ ဆက်လက်တင်းမာလျက်ရှိကြောင်း သိရှိရသည်။

” ဒီရက်ပိုင်းမှာ ဟုမ္မလင်းဘက်ခြမ်း KIA တပ်မဟာ ၉ တပ်ရင်း ၃၁ ရေပေါ်မီးနဲ့ စုံတွဲရွာကြားမှာ အကြမ်းဖက် စစ်တပ်ရယ် SNA ပြည်သူ့စစ်ပေါ့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားလာတယ်။ ထိုးစစ်ဆင်လာတဲ့ အတွက် ဆည်ဇင်းရွာ ဟိုဘက်ကမ်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးနဲ့ စုံတွဲရွာကြားမှာ တိုက်ပွဲဖြစ်ပွားနေတာ တော်တော်ကြာပြီး စစ်ခွေးတွေဘက်က အထိအခိုက်တွေရှိတယ်။ အင်းတော်ကြီးဘက်မှာလည်း KIA တပ်မဟာ ၉ တပ်ရင်း ၂၆ ပေါ့။ လုံးတော်တစ်ဝိုက်ကို အကြမ်းဖက် စစ်တပ်နဲ့ SNA အဖွဲ့တွေ စစ်ရေးဖော်ဆောင်ပြီး စစ်ကြောင်းတောက်လျှောက်ထိုးနေလို့ တိုက်ပွဲတွေဖြစ်ပွားနေတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ဆက်လက် ပြောဆိုသည်။

Screenshot
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article