ရန်ကုန်၊ ဇူလိုင် ၁၄
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်တွင် အုပ်ချုပ်ရေးမှူးက ပေါ်တာဆွဲ ဖမ်းဆီးခဲ့သော စစ်မှုထမ်း တပ်သား ကိုကျော်ကျော် တပ်ထဲမှ ထွက်ပြေးလာ၍ ကယ်တင်ခဲ့ရကြောင်း ကျောက်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်၏ မွမ်းမံသင်တန်းကျောင်းမှ ထွက်ပြေးလာသော စစ်မှုထမ်း တပ်သား ကိုကျော်ကျော်ကို ကျောက်ဆည်မြို့နယ် ပကဖနှင့် ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းတို့က ကျောက်ဆည်ခရိုင်အတွင်း နယ်မြေစိုးမိုးမှု လုပ်ဆောင်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ၎င်းကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး နွေးထွေးစွာ ကြိုဆိုခဲ့ကြောင်း၊ ဆက်လက်၍ အကြမ်းဖက်စစ်တပ်ထဲ ရောက်ရှိနေသော စစ်မှုထမ်း တပ်သားသစ်များကိုလည်း ဆက်လက်လက်ခံ ကြိုဆိုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကိုကျော်ကျော်က ကျေးရွာ အုပ်ချုပ်ရေးမှူးရဲ့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်းအဖြစ် ထည့်လိုက်တာပါ။ လက်ရှိထိတော့ စစ်ဆေးမေးမြန်းတာတွေ လုပ်နေပါတယ်။ အုပ်ကြီးတွေလည်း စစ်ခွေးတွေ အလိုကျ လိုက်လုပ်နေရင် သတိမပေးတော့ဘူးလို့ ပြောချင်တယ်” ဟု ကျောက်ဆည်မြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။
စစ်မှုထမ်း တပ်သားသစ် ကိုကျော်ကျော်သည် စစ်တပ်အတွင်း နေထိုင်ခဲ့စဉ်က အကြမ်းဖက်စစ်သားများ၏ ရိုက်နှက်ခြင်းများ၊ စစ်သင်တန်း ပို့ဆောင်စဉ် လာရောက်ခြင်းမရှိပါက ဝိုင်းဝန်းရိုက်နှက်ခြင်းများ ခံခဲ့ရကြောင်း၊ ထို့ပြင် လက်နက်ကိုင်ဆောင်ခွင့်လည်း မပေးဘဲ နေမကောင်းပါက ခွင့်တိုင်ကြားလို့ မရကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ်အထိ အလင်းဝင်ပူးပေါင်းနှင့် လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃,၇၀၀ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရှိရသည်။




