25.3 C
Yangon

မလေးရှားနိုင်ငံတွင် တရားမဝင်နိုင်ငံခြားသားများ ဖမ်းဆီးရေး စီမံချက် အော်ပရာစီဖြင့် မြန်မာနိုင်ငံသား ၄၆ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

မလေးရှားနိုင်ငံ၊ ဂျိုဟိုး (Johor) နှင့် ကဒါး (Kedah) ပြည်နယ်တို့တွင် အာဏာပိုင်များက ဌာနစုံပူးပေါင်း၍ အော်ပရာစီ စစ်ဆင်ရေးများဖြင့် ပိတ်ဆို့ရှာဖွေခြင်းနှင့် ရှောင်တခင် ဝင်ရောက်စီးနင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသား စုစုပေါင်း ၄၆ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၇၅ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သက်ဆိုင်ရာ ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့် ပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အသီးသီးမှ လူဝင်မှုကြီးကြပ်ရေးအရာရှိများ ပူးပေါင်း၍ တရားမဝင် စီးပွားရေးလုပ်ကိုင်နေသည့် နိုင်ငံခြားသားများနှင့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်သူများကို နှိမ်နင်းရန် အထူးစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ဆင်ရေးအတွင်း နိုင်ငံခြားသားများက တရားမဝင် ဆိုင်ခန်းဖွင့်လှစ်၍ စီးပွားရေးလုပ်ကိုင်နေသည်ဟု သံသယရှိသော နေရာများနှင့် နိုင်ငံခြားသားများ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် စီးပွားရေးဆိုင်ခန်းများကို ရှောင်တခင် ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ယာယီအလုပ်သမားပါမစ်ကို အလွဲသုံးစားပြုလုပ်ခြင်း၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်ခြင်းနှင့် တရားဝင် ခရီးသွားလာခွင့်ဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများ မရှိခြင်း စသည့် လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုများဖြင့် အသက် ၁၉ နှစ်မှ ၅၁ နှစ်အတွင်းရှိ နိုင်ငံခြားသား ၁၅၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ၁၅၃ ဦးတွင် မြန်မာနိုင်ငံသား ၃၁ ဦး ပါဝင်ပြီး အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁၀ ဦးတို့ဖြစ်ကြောင်း၊ ထို့ပြင် အင်ဒိုနီးရှားနိုင်ငံသား ၇၈ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၀ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် နီပေါနိုင်ငံသား ၁ ဦးတို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၃၁ ဦး အပါအဝင် နိုင်ငံခြားသား ၁၅၃ ဦးကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် စတီယာ ထရိုပီကာ (Setia Tropika) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း သိရသည်။

အလားတူ မလေးရှားနိုင်ငံ၊ ကဒါးပြည်နယ်၊ ကွာလာမူဒါ (Kuala Muda) ခရိုင်အတွင်းရှိ စီးပွားရေးဆိုင်ခန်းများကိုလည်း အာဏာပိုင်များက ဌာနစုံပူးပေါင်း၍ ရှောင်တခင် ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၁၅ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား ၂၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကဒါးပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြည်တွင်းကုန်သွယ်ရေးဌာန (KPDN) မှ အရာရှိများနှင့် ပူးပေါင်း၍ အော်ပရာစီ စစ်ဆင်ရေးဖြင့် ကွာလာမူဒါခရိုင်အတွင်းရှိ စီးပွားရေးဆိုင်ခန်း ၈ ခုကို ရှောင်တခင် ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုအတွင်း မလေးရှားနိုင်ငံသား ၅၂ ဦးနှင့် နိုင်ငံခြားသား ၂၄ ဦး စုစုပေါင်း ၇၆ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်ထားသည့် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်းရှိ နိုင်ငံခြားသား ၂၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ ၂၂ ဦးတွင် မြန်မာနိုင်ငံသား ၁၅ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် ထိုင်းနိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် မလေးရှားနိုင်ငံအတွင်း နေထိုင်အလုပ်လုပ်ကိုင်ရန် တရားဝင်ဗီဇာနှင့် ခရီးသွားလာခွင့်ဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများ မရှိခြင်း၊ ဗီဇာသက်တမ်းကျော်လွန် နေထိုင်ခြင်းနှင့် ဗီဇာဆိုင်ရာ သတ်မှတ်စည်းကမ်းချက်များကို ချိုးဖောက်ခြင်းတို့ကြောင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၅ ဦး အပါအဝင် နိုင်ငံခြားသား ၂၂ ဦးကို ဥပဒေအရ ဆက်လက်စစ်ဆေးအရေးယူနိုင်ရန် ဘလန်တစ် (Belantik) လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article