25.2 C
Yangon

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်သည်ဟု မြန်မာစစ်တပ်က နှုတ်ဖြင့် ပြောဆိုနေရုံမျှဖြင့် မလုံလောက်ဘဲ လူကိုယ်တိုင် အတည်ပြု တွေ့ဆုံခွင့်ပြုရန် လိုအပ်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြော

Must read

ရန်ကုန်၊ ဇူလိုင် ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း မြန်မာစစ်တပ်က နှုတ်ဖြင့် ပြောဆိုနေရုံမျှဖြင့် မလုံလောက်ဘဲ လူကိုယ်တိုင် တွေ့ဆုံခွင့်ပြုရန် လိုအပ်ကြောင်း ထိုင်းအစိုးရက စစ်ကောင်စီထံသို့ တရားဝင်တောင်းဆိုလိုက်သည်။

ဇူလိုင် ၁၅ ရက်နေ့ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ပြုလုပ်သည့် နိုင်ငံတကာသံတမန်များနှင့်တွေ့ဆုံ ရှင်း လင်းပွဲတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖွမ်ကက်ကီယို (Sihasak Phuangketkeow) က ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ပြောဆိုချက်များကို လက်တွေ့အတည်ပြုနိုင်ရန် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် မျက် နှာချင်းဆိုင် တွေ့ဆုံခွင့်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထိုင်းအစိုးရအနေဖြင့် လာမည့် လူသားချင်းစာနာထောက်ထားရေး ခရီးစဉ်အတွင်း အာဆီယံအထူးကိုယ် စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရရှိစေရန် စစ်ကောင်စီထံသို့ တရားဝင်တောင်းဆိုထားပြီး ယင်းတွေ့ဆုံမှုသည် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ယုံကြည်မှုတည်ဆောက်ရေးအတွက် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ် ကြောင်း ထိုင်းဘက်က ရှုမြင်ထားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံအား အာဆီယံ၏ လုပ်ငန်းစဉ်များတွင် အဆင့်လိုက် ပြန်လည်ပါဝင်နိုင်စေရန် “Calibrated Re-engagement” မူဝါဒကို ကျင့်သုံးနေသော်လည်း ယင်းထိတွေ့ဆက်ဆံရေးသည် အခြေအနေမဲ့ မဟုတ်ဘဲ မြေပြင်တွင် တိုးတက်မှုရှိမရှိကို အချက် ၄ ချက်ဖြင့် ဆက်လက်အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကဲဖြတ်စံနှုန်းများတွင် အရပ်သားများအပေါ် အကြမ်းဖက်မှုများ လျှော့ချနိုင်ခြင်း၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လွတ်လပ်စွာပေးပို့နိုင်ခြင်း၊ နိုင်ငံရေးဆွေးနွေးမှုတွင် တိုးတက်မှုရရှိခြင်းနှင့် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအနေဖြင့် အာဆီယံနှင့် မြန်မာနိုင်ငံအကြား မကြာသေးမီက ပြန်လည်စတင်ခဲ့သည့် ထိတွေ့ဆက်ဆံမှုများကို ကြိုဆိုကြောင်း၊ အထူးသဖြင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးတို့အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံး လူချင်းတွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ နေပြည်တော်ဘက်မှ ရှင်းလင်းတင်ပြနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူညီချက် (၅) ချက် အကောင်အထည်ဖော်မှုတွင် တိုးတက်မှုအနည်းငယ်သာရှိကြောင်း အသိအမှတ်ပြုထားပြီး ရှေ့ဆက်တိုးတက်မှုကို တိုင်းတာရန် အညွှန်းကိန်းများကိုလည်း သဘောတူသတ်မှတ်ထားကြောင်း၊ ယင်းအညွှန်းကိန်းများတွင် နိုင်ငံရေးအကျဉ်းသားများကို ထပ်မံလွှတ်ပေးခြင်းနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အပြုသဘောဆောင်သော တိုးတက်မှုများလည်း ပါဝင်ကြောင်း ဆီဟာဆက်က ပြောကြားသည်။

စစ်ကောင်စီက ယခုနှစ်အစောပိုင်းတွင် အသက် ၈၁ နှစ်အရွယ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ နေပြည်တော်ရှိ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ကြေညာခဲ့သော်လည်း မိသားစုဝင်များ၊ နိုင်ငံတကာသံတမန်များနှင့် ဥပဒေအကျိုးဆောင်များက ယင်းပြောဆိုချက်အပေါ် သံသယရှိနေဆဲဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများနှင့် လူကိုယ်တိုင် သွားရောက်တွေ့ဆုံခွင့် တောင်းဆိုမှုအားလုံးကို ငြင်းပယ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ် နှောင်းပိုင်းကတည်းက လူမြင်ကွင်းတွင် မတွေ့ရတော့သလို အသံလည်း မကြားရတော့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Maria Theresa Lazaro) သည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ မြန်မာအစိုးရကိုယ်စားလှယ်တို့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

လာဇာရိုသည် လာမည့် နိုဝင်ဘာလ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားရေးခရီးစဉ် သွားရောက်ကာ မြေပြင်အခြေအနေများကို ကိုယ်တိုင်လေ့လာရန် စီစဉ်ထားကြောင်း၊ ယင်းခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံခွင့်ရရှိစေရန် ထိုင်းနိုင်ငံက မျှော်လင့်ထားကြောင်း ဆီဟာဆက်က ပြောကြားသည်။

“နေပြည်တော်ဘက်က အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေက ယင်းတောင်းဆိုချက်အပေါ် မည်သို့တုံ့ပြန်ခဲ့သနည်းဟု မေးမြန်းရာ ဆီဟာဆက်က အဆိုပါအဆိုပြုချက်ကို ငြင်းပယ်ထားခြင်းမရှိကြောင်း၊ မြန်မာခေါင်းဆောင်ပိုင်းနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု ယုံကြည်ကြောင်း ပြောဆိုသည်။

“ဒါဟာ စိတ်ရင်းမှန်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။ ထိုင်းနိုင်ငံက စိတ်ရင်းမှန်နဲ့ တွေ့ဆုံဆွေးနွေးရေးကို အဆိုပြုထားတာဖြစ်ပြီး ဒီထိတွေ့ဆက်ဆံမှုကနေ တိုးတက်မှုတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လာမည့်လအတွင်း ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်မည်ဆိုသည့် သတင်းများကိုလည်း ဆီဟာဆက်က အတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေးအပြင် အာဆီယံအဆင့်၌လည်း ဆက်ဆံရေးများကို တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းနေကြောင်း သူက ပြောဆိုသည်။

“မြန်မာနိုင်ငံကို ဒေသတွင်းမိသားစုထဲ ပြန်လည်ပါဝင်စေတာက အကောင်းဆုံးဖြစ်ပါတယ်။ ၅ နှစ်ကြာပြီးတဲ့နောက် အခုအချိန်မှာ အပြန်အလှန် ပြောဆိုဖို့၊ နားထောင်ဖို့နဲ့ သူတို့ဘက်က ရှင်းပြဖို့ လိုအပ်နေပြီလို့ ယုံကြည်ပါတယ်” ဟု ဆီဟာဆက် ဖွမ်ကက်ကီယိုက ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article