ရန်ကုန်၊ ဩဂုတ် ၁၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပိုင်ရွာနှင့် သီးကုန်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်များ ယနေ့ ဩဂုတ် ၁၈ ရက်နေ့ ၆ နာရီကျော်လောက်မှ စတင် ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။
“ရွာထဲမဝင်ခင် လက်နက်ကြီးတွေနဲ့ အရင်ပစ်တယ်။ တိုက်ပွဲလည်း မဖြစ်သေးဘူး။ တခြားရွာသားသုံးဆယ်လောက်ကို ဓားစာခံ ခေါ်လာတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ပိုင်ရွာနှင့် သီးကုန်းရွာတို့မှာ ရွာချင်းဆက်နေကြပြီး ရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ လက်ရှိအချိန်အထိ မီးရှိူ့နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထို့ပြင် မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် သစ်ကြီးတောရွာ၊ ဝန်တင်ရွာ၊ ဓာတ်တော်ရွာ၊ ဇီးပြားရွာ၊ ညောင်ရင်းရွာ၊စစ်သိန်းရွာ၊ ဂွေဂုံရွာနှင့် ကျွန်းတိုင်းရွာတို့သို့ ဝင်ရောက်လာသည့်အတွက် ကျေးရွာ ၈ ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။