အမေရိကန်တစ်ဒေါ်လာ ၃၃၀၀ ကျပ်နှင့် မီးလင်းရွှေတစ်ကျပ်သား ၂၈ သိန်းခွဲအထိ ရောက်ရှိ
စစ်ကောင်စီကြောင့် မြန်မာကျပ်ငွေ တန်ဖိုး အနိမ့်ဆုံးထိုးကျနေသဖြင့် ကိုင်မထားသင့်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၂၆
မြန်မာ့စီးပွားရေးစျေးကွက်တွင် သိန်းထောင်သောင်းချီသော မြန်မာကျပ်ငွေများကို ထိုင်းဘတ်၊ တရုတ်ယွမ်၊ အမေရိကန်ဒေါ်လာ၊ ရွှေ၊ ကားနှင့် အိမ်ခြံမြေစျေးကွက်များအတွင်းသို့ ရင်းနှီးမြှုပ်နှံနေကြကြောင်း ရန်ကုန်စီးပွားရေးသမားများက ပြောသည်။
“ကျပ်ငွေတော့ ပြုံပြီး ထုတ်နေကြတယ်။ ဘာကြောင့်လဲလို့ မေးရင် နိုင်ငံရေးကြောင့်ပဲ။ ကျောက်မျက်လောကမှာ ကျောက်ကုန်သည်ကြီး ဦးကျော်သူရ ပိုင်ဆိုင်မှုတွေကို စစ်တပ်က မတရားသိမ်းလိုက်တာကြောင့်လည်း အကြောင်း တစ်ချက် အဖြစ်ပါတယ်။ ကျပ်ငွေတွေ အတိုင်းအဆမဲ့ ရိုက်ထုတ်နေတာ။ တရုတ်ကုန်သွယ်ရေးလည်း ရပ်သွားပြန်တယ်။ နိုင်ငံရေးလည်းပါတယ်။ အကြောင်းအရာတွေက တစ်ခုတည်းကြောင့်မဟုတ်ဘူး။ စုံနေတာ” ဟု ရန်ကုန်စီးပွားရေးသမားက ပြောသည်။
ယနေ့ ထိုင်းဘတ်နှင့်မြန်မာကျပ်ငွေ လဲလှယ်သည့်စျေးကွက်တွင် ငွေကျပ် သိန်းထောင်ပေါင်းများစွာ ထိုင်းဘတ် လဲလှယ်ရန် တင်လာကြကြောင်း သိရှိရသည်။
“KBZ သိန်း ၁၂၀၀ ရှိတယ်။ ထိုင်းဘတ်လိုချင်တယ်။ CB သိန်း ၈၀၀ ထိုင်းဘတ်လိုချင်တယ် ဆိုတာမျိုးတွေချည်းပဲ။ မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ်ငွေ ၁၀၀၀ မနက်ဖြန်လောက်တောင် ဖြစ်မလားမသိဘူး။ အခု မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၁၁၇၀ လောက်ရှိပါတယ်” ဟု ထိုင်း-မြန်မာငွေလဲဒိုင်တစ်ဦးက ဆိုသည်။
ပြည်တွင်းစျေးကွက်တွင် အမေရိကန်ဒေါ်လာမှာလည်း ယနေ့ ပေါက်စျေးသည် တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ ကျပ်မှ ၃၃၀၀ ကျပ်အကြား စျေးထိုးတက် ပေါက်စျေးရှိနေကြောင်း သိရှိရသည်။
“ဒေါ်လာကတော့ ရောင်းသူမရှိဘူး။ အဝယ်ချည်းပဲ။ အခုလကုန်ခါနီးတော့ စက်သုံးဆီတွေ သိပ်မရှိတော့ဘူး။ ရုရှားက ဟာဆိုတာလည်း ရောက်လာရင် ဘယ်လိုခွဲတမ်းနဲ့ပေးမလဲ။ ဘယ်လိုလုပ်ကြမလဲ ရေရေရာရာမရှိဘူး။ ဗဟိုဘဏ်ကလည်း သွင်းကုန်သမားတွေကို ဒေါ်လာမရောင်းပေးတော့ဘူး။ ဒေါ်လာ Demand အရမ်းများနေတယ်” ဟု ရန်ကုန်စီးပွားရေးသမားကဆိုသည်။
ရွှေစျေးကွက်တွင်မူ အကယ်ဒမီ မီးလင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်း ခွဲ(၂,၈၅၀,၀၀၀ ကျပ်) နီးပါး စျေးပေါက်နေပြီး စျေးကွက်အခြေအနေမှာ ခန့်မှန်း၍ မရတော့ဘဲ အတက်ကြမ်းနေသည်ဟု ရွှေကုန်သည်များက ဆိုကြသည်။
“ရွှေစျေးကတော့ ဒေါ်လာစျေးတက်တာကြောင့် လိုက်တက်လာတာ။ အရောင်း အဝယ်ဆိုတာထက်လေ ရှိတဲ့ဟာ မရောင်းရဲဘူး။ မြတ်တယ်ထင်ပြီး ရောင်းလိုက် ပြန်ဝယ်မရတော့ဘူး။ ဆုပ်လည်းဆူး စားလည်းရူး စျေးကွက်ဖြစ်နေတယ်။ ဝယ်မယ့်သူကလည်း ဘယ်လောက်စျေးအမြင့်ခေါ်ခေါ် ရွှေဝယ်မယ်ဆိုတာချည်းပဲ။ ဒါကြီးက ပရမ်းပတာ စျေးကွက်ကြီးဖြစ်နေတာ။ ကျနော်တို့လည်း စျေးတက်တာထိုင်ကြည့်ပြီး မျက်လုံးပြူးနေရုံပဲ တတ်နိုင်တယ်” ဟု မန္တလေးမှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။
စျေးကွက်ကျွမ်းကျင်သူတစ်ဦးကမူ မကြာမီ ရက်ပိုင်းအတွင်း အမေရိကန်တစ်ဒေါ်လာ မြန်မာကျပ်ငွေ ၄၀၀၀ ကျပ် အထိရောက်ရှိမည်ဖြစ်ပြီး ရွှေစျေးမှာလည်း အနိမ့်ဆုံး အခေါက်ရွှေတစ်ကျပ်သား ၂၉ သိန်းခွဲအထိ ရောက်ရှိလာလိမ့်မည်ဟု ခန့်မှန်းပြောဆိုသည်။
ရန်ကုန်စီးပွားရေးသမားကမူ အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုနှင့် စီးပွားရေး စီမံခန့်ခွဲမှု ပရမ်းပတာများ၊ ငွေကျပ်ဘီလီယံပေါင်းများစွာ အသစ်ရိုက်ထုတ်မှုများကြောင့် မြန်မာကျပ်ငွေ တန်ဖိုး ပြန်တက်ရန် လမ်းမမြင်တော့ကြောင်း၊ မြန်မာကျပ်ငွေ ကိုင်မထားသင့်တော့ဟုဆိုသည်။