25 C
Yangon

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုး အလှူငွေများ စစ်ကောင်စီလက်အောက်ခံ မြန်မာ့စီးပွားရေးဘဏ်တွင် ဌာနဆိုင်ရာ အရာရှိတစ်ဦးနှင့်တွဲဖက်၍ Joint Account ဖွင့်လှစ် အပ်နှံရမည်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများတွင် ရရှိထားသော အလှူငွေများကို စနစ်တကျဖြစ်စေရေးအတွက်ဟုဆိုကာ စစ်ကောင်စီလက် အောက်ခံ မြန်မာ့စီးပွားရေးဘဏ်များတွင် ဌာနဆိုင်ရာ အရာရှိတစ်ဦးနှင့်တွဲဖက်၍ Joint Account စာရင်းဖွင့်လှစ်အပ်နှံထားရန် စစ်ကောင်စီကညွှန်ကြားထားကြောင်း သိရှိရသည်။

တန်ခိုးကြီးဘုရား၊ စေတီ၊ ပုထိုးများ၏ အလှူခံရရှိငွေများ စနစ်တကျဖြစ်စေရေးအတွက်နှင့် အလွဲသုံးစားမှု မဖြစ်စေရေးအတွက်ဟု အကြောင်းပြပြီး မြန်မာ့စီးပွား ရေးဘဏ်တွင် ရရှိသော အလှူငွေများအားလုံး ဂေါပကအဖွဲ့ဝင် တစ်ဦးနှင့် သာသနာရေးဦးစီးဌာန(သို့) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန(သို့မဟုတ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦး Joint Account ဖွင့်လှစ်သွားရန် ညွှန်ကြားလာခြင်းဖြစ်သည်။

ယခင်က တန်ခိုးကြီး ဘုရား၊ ပုထိုး၊ စေတီ ဂေါပကအဖွဲ့များက ၎င်းတို့ သတ် မှတ် ရေးဆွဲထားသော ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းများအတိုင်း ရရှိငွေအလှူငွေများကို ကြိုက်နှစ်သက်သည့်ဘဏ်များတွင် အဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ဘဏ်စာရင်း အပ်နှံဖွင့်လှစ်ကြသော်လည်း ယခုတွင်မူ စစ်ကောင်စီအရာရှိများနှင့်တွဲဖက်၍ မြန်မာ့စီးပွားရေးဘဏ်တွင်သာ အလှူငွေများအပ်နှံရန် ညွှန်ကြားလာခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံရှိ ရွှေတိဂုံ၊ ဗိုလ်တထောင်၊ ဆူးလေ၊ မဟာမြတ်မုနိကဲ့သို့ တန်ခိုးကြီးဘုရားများ၊ စေတီ၊ ပုထိုးများတွင် နှစ် စဉ် ငွေကျပ် ဘီလီယံချီ၍ အလှူငွေများ လက်ခံရရှိလျက်ရှိပြီး ရွှေတိဂုံစေတီတွင် ၂၀၁၈ ခုနှစ်စာရင်းဇယားများအရ အလှူငွေကျပ် ၆၇ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ သန်းကျော် ပိုင်ဆိုင်ရရှိထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်ရှိ ရွှေတိဂုံစေတီတော်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article