25 C
Yangon

တနင်္သာရီတွင် အုပ်ချုပ်ရေးမှူးရဲတပ်ကြပ်ဟောင်း ခင်မောင်ထူး ပစ်သတ်ခံရ၊ တောင်ဒဂုံတွင် ထွေ/အုပ်၊ ကြံ့ဖွတ်ရုံး ဝန်ထမ်း နွယ်နီလှိုင် ၊ ရာအိမ်မှူး ဇော်မင်းထွန်းနှင့် မြောက်ဒဂုံတွင် ၃၂ ရပ်ကွက် ရာအိမ်မှူး အောင်ကြီးတို့ ပစ်သတ်ခံရ ၊ စစ်တပ်ထုတ်ကုန်ရောင်းသော Good Luck KTV ဗုံးခွဲခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အငြိမ်းစားရဲတပ်ကြပ်ဟောင်း ခင်မောင်ထူးကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ယမန်နေ့ နံနက် ၁၀ နာရီတွင် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

သေဆုံးသူ အသက် ၅၄နှစ် အရွယ် ခင်မောင်ထူးသည် နာမည်ကြီး စစ်ကောင်စီသတင်းပေးတစ်ဦးလည်းဖြစ်ပြီး ​ဒေသခံတွေ၊ CDM ပြုလုပ်ထားသူများ၊ တော်လှန်ရေးအင်အားစုများကို အမျိုးမျိုးဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။

” တော်တော်ကိုဒုက္ခပေးတဲ့သူပါ။ သူ့ကြောင့်အဖမ်းခံရတဲ့ PDF တွေလည်းအများကြီးပဲ။ PDFနဲ့ဆက်စပ်တဲ့သူတွေ CDM တွေကိုသတင်းပေးပြီးဖမ်းခိုင်းတယ်။ သေနတ်ကိုင်ထားတယ်လို့လည်းကြားတယ်။ သူနေတာကလည်း ဇဝဲလမ်းဆုံ ၅၅၆တပ်ရင်းနားမှာ ပါပဲ” ဟု ​ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူ ခင်မောင်ထူးသည် ထိုင်းနိုင်ငံကိုသွားရောက်နေသည့် ရွေ့ပြောင်းလုပ်သားကား ဒေသအခေါ်ဘောလုံးကားများကို ငွေကြေးတောင်းခံခြင်း၊ စစ်ကောင်စီနှင့်ပူးပေါင်း၍ ချဲထီဒိုင်များထံမှ ငွေကြေးကောက်ခံခြင်း၊ မူးယစ်ဆေးဝါးရောင်းချသူများထံမှ ဆက်ကြေးကောက် ပူးပေါင်းခြင်းများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၅ ရပ်ကွက်၊ သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်တွင် ရာအိမ်မှူး ဇော်မင်းထွန်း နှင့် စစ်တပ်သတင်းပေး နွယ်နီလှိုင်ကို S.D.G.F က စက်တင်ဘာလ ၂၉ ရက်နံနက် ၈း၃၀ နာရီအချိန်တွင် ပစ်ခတ်ရာ ရာအိမ်မှူး ဇော်မင်းထွန်း သေဆုံးကြောင်း သိရှိရသည်။

၂၅ရပ်ကွက်တွင် ​မြို့နယ်ထွေအုပ်ရုံးနှင့်ကြံ့ခိုင်ရေးရုံးတို့တွင် အလုပ်လုပ်နေသည့် “နွယ်နီလှိုင်” ဆိုင်ကယ်ဖြင့်ကားမှတ်တိုင်သို့ ပို့ဆောင်စဉ် သံလွင်လမ်းနှင့် ထားဝယ်လမ်းထောင့်တွင် သေနတ်ဖြင့်(၅)ချက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ရာအိမ်မှူး ဇော်မင်းထွန်းက ရန်မူသဖြင့် ထပ်မံခတ်ခဲ့ကြောင်း S.D.G.F (တောင်ဒဂုံမြို့ပြပျောက်ကျားတပ်အဖွဲ့)က သတင်းထုတ်ပြန်ထားသည်။

“ကျနော်တို့ကြားတာ ဒလန်မလည်း သေတယ်။ ရာအိမ်မှူးလည်းသေတယ်ကြားတယ်။ ကြံ့ဖွတ်တွေကတော့ ဒလန်မ မသေဘူးပဲပြောနေတယ်။ ရာအိမ်မှူးကတော့ ရှောသွားပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဒဂုံမြို့သစ်မြောက်ပိုင်း ၃၂ ရပ်ကွက်မှ ရာအိမ်မှူးနှင့်ပျူစောထီးအဖွဲ့ဝင် အောင်ကြီး ယနေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ပစ်သတ်ခံရကြောင်း သိရှိရသည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီ ၂၀ အချိန်လောက်က မြောက်ဒဂုံ ၃၂ ရပ်ကွက် အမက ၁၃ ကျောင်း အနောက်ဘက်လမ်းကြားမှာ အောင်ကြီးဆိုတဲ့ ဒလန်တစ်ကောင် ပစ်သတ်ခံရတယ်။ အဲ့ကောင်က ပျူစောထီးအဖွဲ့ဝင်ပဲ။ ရာအိမ်မှူးလည်း လုပ်တယ်။
မြောက်ဒဂုံ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၃၂ အုပ်ကြီးရဲ့ လူယုံတွေ၊ စစ်တပ်သတင်းပေးတဲ့။ အတော် ဆိုးတဲ့သူတွေ။
သေနတ်သမားတွေက ဘေးနားမှာ ပြည်သူတွေ ရှိတာတောင် မထိအောင် ရှောင်ပြီး ဆော်သွားတာ။ သူ့မိန်းမလည်းပါတယ်။ သူ့မိန်းမကိုလဲ ဘာမှမလုပ်သွားဘူး။ အဲ့ကောင်ကိုဘဲ ဆော်သွားတာ။ သေသွားတာက ၃၂ အုပ်ချုပ်ရေးမှူး ကျော်သိန်းရဲ့ တပည့်အရင်း အောင်ကြီးပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ရန်ကုန် တောင်ဒဂုံမြို့နယ် တောင်မြောက်လမ်းဆုံ အမှတ် ၂ လမ်းမကြီပေါ်ရှိ Good Luck KTV ကို ရန်ကုန်မြို့ပြ ပြောက်ကျား တပ်ဖွဲ့များက သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒဂုံတောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

Good Luck KTV သည် အကြမ်းဖက် စစ်တပ် ထုတ်ကုန် မြန်မာဘီယာများနှင့် စစ်ကောင်စီကို အခွန်ဆောင်ကာ မူးယစ်ဆေးဝါး ရောင်းချနေသောကြောင့် ဒဂုံတောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (S.D.G.F)နှင့် ဒို့ရိုးရား ညီနောင်များ ပြောက်ကျားတပ်ဖွဲ့တို့က စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းသို့ ဖောက်ခွဲ တိုက်ခိုက်ခြင်း မပြုလုပ်မီ စက်တင်ဘာလ ၁၆ ရက်နေ့က အကြမ်းဖက် စစ်တပ် သက်ဆိုးရှည်ရန် ထောက်ပို့ကူညီနေသော ဒုစရိုက် လုပ်ငန်းများ ရပ်တန့်ရန် ကြိုတင် အသိပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ရဲတပ်ကြပ်ဟောင်း ခင်မောင်ထူး ယနေ့ ပစ်သတ်ခံရသဖြင့် သေဆုံးသွားခဲ့ပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article