19 C
Yangon

စမ်းချောင်းမြိုနယ်တရားရုံးအနီးတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ၊ ကြည့်မြင်တိုင်၊ မြောက်ဒဂုံ၊ လှိုင်မြို့နယ်တို့တွင် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်ရှိ စမ်းချောင်းမြို့နယ် တရားရုံးအနီးတွင် ယနေ့ ညနေပိုင်းနှင့်ညပိုင်းတွင် ဗုံး ၂ ကြိမ်ပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်အချိန်တွင် စမ်းချောင်းမြို့နယ် တရားရုံးအနီးတွင် ပထမအကြိမ် ဗုံးပေါက်ကွဲကြောင်း၊ ဗုံးပေါက်ကွဲသံ ကျယ်လောင်သော်လည်း ရဲနှင့်စစ်တပ်များရောက်လာခြင်းမရှိကြောင်း၊ ယင်းနောက် ည ၈ နာရီ ဝန်းကျင်တွင် ရဲနှင့်စစ်တပ်များရောက်ချလာပြီး ဗားကရာလမ်းနှင့်ဗဟိုလမ်းထောင့်ကို ပိတ်ဆို့လိုက်ကြောင်း၊ ယင်းနောက် ဗုံးတစ်လုံးကို ဖောက်ခွဲလိုက်ကြောင်း ဒေသခံများက ပြောသည်။

“ဗုံးက သူတို့ တွေ့လို့ လာဖောက်တာလား။ သူတို့ ဗုံးလာဖောက်တာလား မသိဘူး။ ညနေ ၆ နာရီ ၂၀ လောက်က တစ်ကြိမ် ဗုံးပေါက်တယ်။ အဲဒီနားမှာပဲ။ အဲဒါပြီးတော့ ဘယ်သူမှ ရောက်မလာဘူး။ ည ၇ နာရီ ၅၀ လောက်ကျမှ ရဲနဲ့စစ်ကားတွေ ရောက်လာပြီး လမ်းတွေပိတ်တယ်။ ည ၈ နာရီ ခွဲလောက်မှာ ဗုံးဖောက်ခွဲတယ်။ ဗုံးတွေ့လို့ ခွဲတဲ့ပုံစံမျိုး တော့တွေ့ပေမယ့် အချိန်က အရမ်းခြားတော့ နားလည်ရခက်တယ်။ ဗုံးကို ခွဲတဲ့အချိန်မှာ သဲအိတ်တွေ တာယာတွေ ကာတယ်။ ဗားကရာလမ်းနဲ့ ဗဟိုလမ်းထောင့်မှာ မြို့နယ်တရားရုံးနဲ့ ပြန်ကြားရေးရုံး တွဲရက်ရှိနေတာ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ ည ၈ နာရီ ၃၀ ဝန်းကျင်အချိန်တွင် မြောက်ဒဂုံမြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်တို့တွင် ဗုံးပေါက်ကွဲသံများကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

လှိုင်မြို့နယ်မှ ဒေသခံတစ်ဦးကမူ ” ဘူတာရုံလမ်းနားကနေ ဗုံးပေါက်ကွဲသံကို ပီပီသသ ကြားလိုက်ရတယ်။ အသံတော်တော်ပြင်းပါတယ်။ ပိတောက်ချောင်းရဲစခန်း ရှိတဲ့ ဘက်အခြမ်း က လာတယ်လို့ မှန်းဆရပါတာပဲ။ အသံက အရမ်းကျယ်တော့ မြို့နယ်နေရာအများစုက ကြားလိုက်ရတာ” ဟု ပြောဆိုသည်။

ထို့ပြင် ယနေ့ည ၉ နာရီ ၂၀ မိနစ်အချိန်တွင် လှိုင်မြို့နယ်တွင် ထပ်မံ၍ ဗုံးပေါက်ကွဲသံကြားရကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် ကင်းလှည့်နေကြသည့် အကြမ်းဖက်များ။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article