ရန်ကုန်၊ အောက်တိုဘာ ၄
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းနေပြီး ကျေးရွာ ၄ ရွာက ပြည်သူ ၇ ထောင်ကျော် ဘေးလွတ်သို့ ထွက်ပြေးနေရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းရွာကို ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၈ နာရီ ၁၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် ခမရ-၃၆၃ မှ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကာ အနီးဝန်းကျင်ရှိ အလယ်ခုံရွာ၊ သင်တောရွာနှင့် လွင်ကြီးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း၊ ပြည်သူ ၇၅၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးကြေးမုံရွာကိုလည်း အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းနေပြီး ပြည်သူ အများအပြား ဖမ်းဆီးခံထားရကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
မုံရွေးကြေးမုံရွာ အနောက်ဘက်တွင် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းကို ဝင်ရောက် စီးနင်းပြီး ပြည်သူ အများအပြားကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
” မုံရွေးကြေးမုံရွာကို စစ်ခွေးတွေ ဝင်မွှေနေတယ်။ ဖမ်းထားသူတွေ များတယ်။ မိသားအစုလိုက်လည်း ဖမ်းခံထားရပါတယ်။ တချို့ ရပ်ကွက်လိုက် အဖမ်းခံ ထားရတယ်။ နံနက် ၅ နာရီလောက် ရွာနောက်ဘက် မုံရွာ-မန္တလေး လမ်းပိုင်းမှာ စစ်ခွေးတွေ မိုင်းဆွဲ ခံရပြီး တော်တော် ထိသွားပုံရတယ်။ ဖမ်းခံထားရသူ အတော်လေးများတယ်။ ခြေလျင် အင်အားနဲ့လာပြီး ပတ်မွှေနေတာ ဖမ်းဆီး ခံရတဲ့သူ အတော်လေးများတယ်။ ဘုန်းကြီးကျောင်းမှာ စုပြီး အကုန်လုံးကို ဖမ်း ထားတယ်ကြားတယ်။ အိမ်ထဲနေတဲ့သူ တွေ့ရင်လည်း ဖမ်းတယ်။ လူမရှိရင်သော့ဖျက် ဝင်မွှေတယ်။ နံနက်က မိုင်းသံကြားပြီးနောက် သေနတ်သံတွေ ဆူညံနေတာဗျ ဆိုင်ကယ်နှစ်ယောက်စီး လာတဲ့ သူကိုလည်း လှမ်းပစ်တာ ဆိုင်ကယ် ပြန်လှည့်ပြီး ရွာထဲဝင်ပြေးတာ မထိလိုက်ဘူး။ ဆိုင်ကယ်တော့ မီးရှို့ခံလိုက်ရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။