ရန်ကုန်၊ အောက်တိုဘာ ၅
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ နာမည်ဆိုးဖြင့် ကျော်ကြားသော စစ်ကောင် စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့၏ နေအိမ်ကို ဗုံး၊ သေ နတ်တို့ဖြင့် ပစ်ခတ်ခံရကြောင်း ၊ လူနာတင်ကားများ ဝင်ရောက် လာသေ ာ်လည်း တောက်တဲ့သေဆုံးမှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများက ပြောဆိုကြသည်။
အောက်တိုဘာ ၅ ရက်နေ့ ည ၇ နာရီ ၅ မိနစ်အချိန် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင်တောက်တဲ့၏ နေအိမ်ကို ပျောက်ကျားတပ်ဖွဲ့တချို့က ဝင်ရောက်ပစ်ခတ်ရာ ဗုံးခွဲသံများနှင့်ပစ်ခတ်သံများကြားရကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တပ်နှင့်ရဲများ ရောက်ရှိလာပြီး လူနာတင်ကားလည်း ရောက်ရှိလာကြောင်း၊ လတ်တလော အုပ်ချုပ်ရေးမှူး တောက်တဲ့ သေဆုံးမှု ရှိ၊ မရှိ မသိရသေးကြောင်း ဒေသခံများက ဆိုကြသည်။
“၈၈ ရပ်ကွက်က အုပ်ချုပ်ရေးမှူး တောက်တဲ့ ပျူခေါင်းဆောင်အိမ် ဗုံးကွဲတယ်။ လက်ပစ်ဗုံး ၄လုံးကွဲသံကြားရတယ်။ သေနတ်ပစ်ခတ်သံ ၁၀ချက်လောက် ပစ်တယ်။ အခု လူနာတင်ကားတွေလည်းရောက်လာတယ်။ စစ်တပ်နဲ့ရဲက အကုန် လုံးပိတ်ပြီး ရှာနေတယ်။ မြင်သမျှ လူအကုန်လိုက်ဖမ်းနေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဒဂုံဆိမ်ကမ်းမြို့နယ်မှ အမှတ် ၈၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး တောက်တဲ့သည် လူငယ်များ၏ ဖုန်းကို လိုက်လံစစ်ဆေးပြီး နိုင်ငံရေးပို့စ်တွေ့ရှိပါက စစ်တပ်ထံ အပ်နှံခြင်းများ လုပ်ဆောင်ကြောင်း၊ ရပ်ကွက်တွင် ဧည့်စာရင်း ကြေး အလွန်မြင့်မားစွာတောင်းပြီး အိမ်ရှင်-အိမ်ငှားများထံမှလည်း အိမ်ငှား စာချုပ်တစ်စောင်လျှင် ငွေကျပ် ၅၀၀၀ မှ စတင်၍ တောင်းယူကြောင်း သိရှိရသည်။
“ရပ်ကွက် လူကြီး တောက်တဲ့က ဇူလိုင်လတုန်းက လူငယ်လေး ၂ ဦးရဲ့ဖုန်းကိုစစ်ပြီး တစ်ယောက်ရဲ့ဖုန်းမှာ နိင်ငံရေး ပို့စ်တွေရှိလို့ဆိုပြီး စစ်တပ်လက်အပ်လိုက်ပါတယ်။ အဲဒါ ရိုက်နှက် ထိုးကြိတ်သေးတာ။ အိမ်ရှင်-အိမ်ငှားတွေကို အိမ်ငှား စာချုပ် လုပ်ခိုင်းပြီး တစ်စောင် ၅၀၀၀တောင်းတယ်။ အိမ်ငှား သမားတွေရဲ့ ဓာတ်ပုံ တောင်းတယ်။ ၅/ တွေ ဆို အိမ်ငှားစာချုပ်ကို တစ်စောင် ၂သောင်းတောင်းတယ်။ ဧည့်စာရင်းတိုင်ခဆိုရင်လည်း သူကြိုက်သလောက် တောင်းတာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။