ရန်ကုန်၊ အောက်တိုဘာ ၉
စစ်ကိုင်းတိုင်း၊ ရေဦး-တန့်ဆည်မြို့နယ်အစပ် တက်သစ်(မ)ကျေးရွာအနီးတွင် ယမန်နေ့ ဖြစ်ပွားသောတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦးသေဆုံးသကဲ့သို့ PDF ဘက်မှာလည်း ရဲဘော် ၃ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရှိရသည်။
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုနယ်၊ တက်သစ်(မ)ရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကို အောက် တိုဘာလ ၇ ရက် နေ့လယ်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် SSTF (MRDA ခင်ဦးတပ်ခွဲ)က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးကြောင်း ၊ တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သား ၆ဦး၏ အလောင်းများကို တန့်ဆည်မြို့ဘက်သို့ ပြန် လည်သယ်ဆောင်သွားခဲ့ကြောင်း၊ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် တန့်ဆည်မြို့နယ်၊ တပ်သစ်(မ)ရွာမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို ကလဇင်ရွာနှင့်ဒယ်ရောက်ရွာကြားတွင် မြောက်ပိုင်းမဟာမိတ်(ဓူဝံ)၊ MDF- Hydra Force နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများတွင် PDF များဘက်မှလည်း ရဲဘော် ၃ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးလျက်ရှိကြောင်း သိရှိရသည်။
“ကျနော်တို့ဘက်က ရဲဘော် ၃ဦးကျဆုံးခဲ့ပါတယ်။ ကျနော်တို့ရေဦးနယ်အဖွဲ့က ရဲဘော် သူရအောင် နဲ့ တန့်ဆည်နယ်အဖွဲ့က ရဲဘော် ၂ယောက် ကျဆုံးခဲ့ပြီး အခုချိန်အထိ ရဲဘော် ၄ယောက် ပျောက်ဆုံးနေဆဲပါ။ ကျဆုံးရဲဘော် သူရအောင်နဲ့ အတူတူပါသွားတဲ့ သူရဆွေလည်း ပျောက်ဆုံးနေဆဲပါ။ ပျောက်ဆုံးရဲဘော် ၄ဦးမှာ တစ်ဦးက ကျနော်တို့ရေဦးနယ်ကာကွယ်ရေးအဖွဲ့က သူရဆွေပါ။ ကျန်၃ဦးက တန့်ဆည်နယ်အဖွဲ့ကပါ။ စစ်တပ်နဲ့တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်ချိန်မှာ ဆင်ထားတဲ့မိုင်းကို သွားပြန်ဖြုတ်တဲ့အချိန် ရေဦး-တန့်ဆည်နယ်စပ် ရွာဗုကြီးရွာထဲမှာ ဝပ်နေတဲ့ ခွေးကင်းပုန်းနဲ့တွေ့ပီး ခေါင်းပစ်သတ်ခံလိုက်ရပါတယ်။ တန့်ဆည်နယ်အဖွဲ့ ကျဆုံးရဲဘော် ၂ဦးကတော့ ထိတွေ့မှုဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေကို လက်နက်ကြီးမထိအောင် ကာဗာပေးရင်း ကျဆုံးသွားခဲ့ရတာပါ။ ခွေးတွေဘက်က ၆ကောင်လောက်ကျတာတော့ မှန်ပါတယ်။ ကျနော်တို့ရေဦးနယ်ကာကွယ်ရေးအဖွဲ့ ရဲဘော် သူရဆွေကတော့ ဖမ်းမိသွားလား တနေရာရာပြေးရင်း ရောက်နေတာလားဆိုတာ အခုထိစုံစမ်းနေဆဲပါ။ ကျဆုံးရဲဘော် သူရအောင်ကို ကျနော်တို့ရေဦးနယ်ဘက် Dead body ပြန်သယ်လာနိုင်ပြီး မနေ့ကညနေပိုင်း ၆နာရီခန့်လောက်မှာ ခရစ်ယန်ထုံးတမ်းဆင်လာအရ ဂူသွင်းသဂြိုလ်ပေးခဲ့ပါတယ်။ တန့်ဆည်နယ်အဖွဲ့က ကျဆုံးရဲဘော် ၂ဦးကိုလည်း ပြန်သယ်နိုင်ပီး သဂြိုလ်လိုက်ပြီ” ဟု ရေဦး PDF က ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဘုရားလေးကျေးရွာအနီးရှိ PDF စခန်းကို စစ်တပ်က တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်စီးနင်းရာ PDF ရဲဘော် ၈ ဦး ကျဆုံး ခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အခု PDF စခန်းတစ်ခုကို စစ်တပ်က မြေပုံနဲ့ကို တက်သိမ်းတာ။ အတော်များများ လွတ်ပေမယ့် ၈ ဦးလောက်တော့ ကျဆုံးပါတယ်။ ဒလန်သတင်းပေးလို့ အတိအကျ ဝင်စီးတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ကျဆုံး PDF ရဲဘော်။