ရန်ကုန်၊အောက်တိုဘာ ၁၃
ရခိုင်ပြည်၊ စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ဘုတ် ၉ စီးကို ယမန်နေ့ အောက်တိုဘာ ၁၂ ရက်က စစ်ကောင်စီတပ်မှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသတွင်းသတင်းရင်မြစ်များက Western News ကိုပြောသည်။
ဘုတ်များကို လာရောက်ဖမ်းဆီးသည့် စစ်ကောင်စီတပ်သားအင်အားမှာ ၄၀ ဝန်ကျင်ခန့်ရှိပြီး ရေချမ်းပြင်၊ လောင်းချောင်းနှင့် ရသေ့တောင် ပြေးဆွဲနေသည့် ဘုတ်များ ဖမ်းဆီးမှုတွင်ပါသွားကြောင်း မျက်မြင်တစ်ဦးက ပြောသည်။
“မနေ့က ည ၆ နာရီလောက်မှာ လာဖမ်းကြတာပါ။ ဘုတ် ၉ စီးက ဘုတ်ရှင်တွေကို ဖမ်းခေါ်သွားတယ်။ ရေချမ်းပြင်က ၃ စီးပါသွားတယ်။ နောက်ပြီး လောင်ချောင်း၊ ရသေ့တောင်ဘုတ်လည်းပါသွားတယ်” ဟုပြောသည်။
အဆိုပါ ဘုတ်များသည့် ရေချမ်းပြင်၊ လောင်းချောင်းနှင့် ရသေ့တောင်တို့ ကုန်ပစ္စည်းများအပြင် ခရီးသည်များပါ ပို့ဆောင်နေသည့် လိုင်းဘုတ်များဖြစ်ကြပြီး လက်ရှိတွင်လည်း ဖမ်းဆီးခံရသည့် ဘုတ်ပိုင်ရှင် ၉ ဦးကို စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။
လက်ရှိဖမ်းဆီးခံရသူများထဲမှ ရသေ့တောင်မြို့နယ်မှ ဘုတ်ပိုင်ရှင်အမည်မှာ ဦးကျော်သန်း အသက် ၃၈ နှစ်ခန့်ဖြစ်ပြီး ၎င်းမှာ ရသေ့တောင် အရှေ့မြောက်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း နီးစပ်သူတစ်ဦးကပြောသည်။
ဘုတ်ပိုင်ရှင်များယခုကဲ့သို့ဖမ်းဆီးခံရသည့်အတွက် ကျန်ဘုတ်မောင်းနှင်သူများမှာလည်း စိုးရိမ်မှုပိုလျက်ရှိနေသည်ဟု ခရီးသည်နှင့် ကုန်စည်သယ်ယူမှုပြုလုပ်နေသည့် ဘုတ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
“မြို့ထဲမဝင်ရတော့ ရေချမ်းပြင် အမြင့်ကျွန်းဖက်က ဘုတ်တွေဆိုက်ကြပါတယ်။ သွားလာခွင့်တော့ ပိတ်ထားတာရှိတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့မှ မသွားရင်လည်း ဒေသတွင်းမှာ ကုန်တွေပြတ်သွားမှာပဲ။ ခုလိုမျိုး အင်အားသုံးဖမ်းတာတွေရှိလာတော့ ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး” ဟုပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် ရခိုင်ပြည်မြောက်ပိုင်း ရေလမ်းကြောင်းသွားလာခွင့်ကို စက်တင်ဘာလအတွင်းက စတင်၍ ကန့်သတ်ထားခြင်းဖြစ်ပြီး ကုန်စည်ပြတ်လပ်မှုမဖြစ်စေရန်အတွက် အဆိုပါဒေသဖက်မှ ဘုတ်မောင်းနှင်သူများက အရဲစွန့်သွားလာမှုပြုနေကြခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ရက္ခိုင့်တပ်တော်နှင့် နှစ်ဖက်တင်းမာမှုစတင်သည့် ၂၀၂၂ ခုနှစ် ဇွန်လအတွင်းမှစ၍ မြို့နယ်တစ်ချို့သို့ ဆန်အပါအဝင် ကုန်ပစ္စည်းအချို့သယ်ယူခွင့်ကန့်သတ်ခဲ့ပြီးနောက် လက်ရှိတွင် ရေကြောင်းမှ သယ်ယူပို့ဆောင်ခွင့်ကိုပါ ပိတ်ပင်ထားခြင်းဖြစ်သည်။
ထိုသို့သောအခြေနေမျိုးတွင် ရသေ့တောင်၊ မြေပုံ၊ မောင်တောမြောက်ပိုင်း၊ ဘူးသီးတောင်၊ အမ်း စသည့်ဒေသတို့တွင် ကုန်းလမ်းကြောင်းပါ ပိတ်ဆို့ခံထားရသည့်အတွက် ဒေသနေသူများ များစွာအကျပ်တွေ့လျှက်ရှိကြပြီး တစ်ခြားမြို့နယ်အသီးသီးတွင်လည်း စစ်ကောင်စီဖက်မှ လမ်းတစ်လျှောက် လုံခြုံရေးများဆိုးချကာ ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များကို တင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။
ဓါတ်ပုံ- ရသေ့တောင် အငူမော်ဆိပ်ကမ်းမှ စစ်တွေမြို့ရေချမ်းပြင်ဆိပ်ကမ်းသို့ ထွက်ခွာသွားသည့် ခရီးသည်တင် စက်လှေတစ်စီးကို တွေ့ရစဉ်။ (ဓာတ်ပုံ-EPA)